လောင်းလုံးမြို့နယ်တွင် ဆွေမျိုးနီးစပ်သူပျောက်ဆုံး၍ အင်တာနက်လူမှုကွန်ရက်ပေါ်၌ အကူအညီတောင်းခံသည့် အမျိုးသမီးတစ်ဦး ငွေညှစ်ခံရကြောင်း ကာယကံရှင်အမျိုးသမီးက ပြောသည်။
လောင်းလုံးမြို့ (က) ရပ်ကွက်တွင် နေထိုင်သည့်အမျိုးသားတစ်ဦးသည် ဇွန်လ ၆ ရက် နံနက်ပိုင်းတွင် နေအိမ်မှထွက်သွားရာ ဇွန်လ ၉ ရက်အထိ အိမ်ပြန်မရောက်သဖြင့် ဆွေမျိုးနီးစပ်သူတစ်ဦးက လူမှုကွန်ရက်မှတစ်ဆင့် လူပျောက်ကြော်ငြာပိုစ့်တင် အကူအညီတောင်းခဲ့သည်။
ယင်းသို့ အကူအညီတောင်းရာတွင် ဖော်ပြထားသည့် ဖုန်းနံပါတ်ကို အမျိုးသားခြောက်ဦးက ဆက်သွယ်လာပြီး ပျောက်ဆုံး နေသူကို ငွေကြေးဖြင့် ရွေးယူရန် ပြောဆိုခဲ့ကြောင်း ကိုယ်တိုင်ကြုံရသည့်အမျိုးသမီးက ဆိုသည်။
ပျောက်ဆုံးနေသူ အမျိုးသားမှာ ၎င်းတို့ထံတွင် ရောက်ရှိနေသည်ဟုဆိုကာ အဆိုပါအမျိုးသားကို ပြန်လည်ထုတ်ယူရန် အတွက် ကနဦးငွေလွှဲပေးမည်ဆိုပြီး ဖုန်းနံပတ်တစ်ခုကို ပေးပို့လာကြောင်း ၎င်းက ပြောဆိုသည်။
ပျောက်ဆုံးနေသူနှင့် ဖုန်းပြောဆိုခွင့်ပြလျှင် ငွေလွှေဲပေးမည်ဟု ပြောဆိုခဲ့သော်လည်း ဆက်သွယ်ပြောဆိုခွင့်မရဘဲ ဖုန်းနံပါတ်ဖြင့်သာ ငွေလွှဲပေးရန် ပြောဆိုခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
“မုန့်ဖိုးတစ်သိန်း၊ နှစ်သိန်းလွှဲပေးဆိုပြီးတောင်းတယ်။ ဖုန်းပေးပြောဆိုလည်း ပေးမပြောဘူး။ ဒါကြောင့် လူလိမ်တွေလို့ပဲ ထင်တယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။
လူပျောက်ကြော်ငြာတွင် ဖော်ပြထားသည့် ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး ငွေညှစ်ရန်ကြိုးပမ်းလာမှုများ ရှိလာသောကြောင့် အဆိုပါကြော်ငြာကို ပြန်လည်ဖြုတ်ချခဲ့ကြောင်း ၎င်းက ဆိုသည်။
လောင်းလုံးတွင် ပျောက်ဆုံးနေသူမှာ အသက် ၆၃နှစ်အရွယ်ရှိ သက်ကြီးပိုင်းအမျိုးသားဖြစ်ပြီး ဇွန်လ ၆ရက် နံနက်ပိုင်းတွင် မော်တော်ဆိုင်ကယ်ဖြင့်နေအိမ်ကနေ ထွက်သွားရာမှ ယနေ့ ဇွန်လ ၁၁ ရက်အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးကြောင်း မိသားစုထံမှ သိရသည်။