BREAKING
June 12, 2025

ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် လော့စ်အိန့်ဂျလိစ်မြို့တွင် လူဖမ်းပွဲစတင်

June 11, 2025

လော့စ်အိန့်ဂျလိစ်မြို့လယ်ခေါင် နေရာအချို့တွင် အရေးပေါ် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပြီးနောက် ထရမ့်အစိုးရ၏ ရွှေ့ပြောင်းနေထိုင်မှုဖြိုခွင်းရေး မူဝါဒများကို ဆန့်ကျင်ဆန္ဒပြသူများကို ဖမ်းဆီးမှုစတင်နေပြီ ဖြစ်ကြောင်း လော့စ်အိန့်ဂျလိစ်မြို့ ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။

လက်ရှိတွင် ဆန္ဒပြရာတွင် ပါဝင်သူဒါဇင်ပေါင်းများစွာ ဖမ်းဆီးခံထားရကြောင်း သိရသည်။

အရေးပေါ် ညမထွက်ရအမိန့်သည် ဒေသစံတော်ချိန် ည ၈ နာရီမှ နောက်တစ်နေ့ နံနက် ၆ နာရီအထိ အသက်ဝင်နေမည်ဖြစ်ကြောင်း လော့စ်အိန့်ဂျလိစ်မြို့တော်ဝန်က Karen Bass က ဆိုသည်။

နောက်ထပ်ရက်အနည်းငယ်အထိ ဆက်လက်အကျုံးဝင်နိုင်ဖွယ်ရှိကြောင်းလည်း ၎င်းက ပြောသည်။

ညမထွက်ရအမိန့် မထုတ်ပြန်ခင် အင်္ဂါနေ့အထိ ဆန္ဒပြပွဲများအတွင်း အဖမ်းခံရသူ ဦးရေမှာ အယောက် ၂၀၀ နီးပါးအထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း လော့စ်အိန့်ဂျလိစ်မြို့ ရဲတပ်ဖွဲ့၏ အကြီးအကဲက ပြောသည်။

လော့စ်အိန့်ဂျလိစ်မြို့ ဆန္ဒပြပွဲများ ၄ ရက်တာအတွင်း စီးပွားရေးလုပ်ငန်း ၂၃ ခု လုယက်ဖျက်ဆီးခံခဲ့ရသည်ဟု အဆိုပါ ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူက ဆိုသည်။

အမေရိကန်နိုင်ငံ ၊ တက္ကဆက်ပြည်နယ်တွင်လည်း ထရမ့်အစိုးရ၏ ရွှေ့ပြောင်းနေထိုင်သူဖြိုခွင်းရေးကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ စီစဉ်ထားသည်ဆိုသည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ယင်းကြောင့် နိုင်ငံတော်စောင့်တပ်ဖွဲ့ (National Guard) ဝင်များကို တက္ကဆက်ပြည်နယ်တွင် တပ်ဖြန့်ချထားမည်ဟု ရီပတ်ဘလင်ကန်ပါတီဝင် တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က ဆိုသည်။

ပြည်နယ်အတွင်း ငြိမ်ဝပ်ပိပြားမှုရှိရေးအတွက် နည်းလမ်းတိုင်းကို အသုံးပြုသွားမည်ဟု ၎င်းက ပြောသည်။

ဆန္ဒပြပွဲများကို ဖြိုခွင်းရန် မရိန်းတပ်ဖွဲ့နှင့် နိုင်ငံတော်စောင့်တပ်ဖွဲ့ (National Guard) တို့ကို ထရမ့်အစိုးရက အသုံးပြုနေမှုအား ချက်ချင်းရပ်တန့်ပေးရန် ကယ်လီဖိုးနီးယားပြည်နယ်အစိုးရက တရားစွဲဆိုထားသည်။

ကယ်လီဖိုးနီးပြည်နယ်၏ တောင်းဆိုချက်ကို ဖက်ဒရယ်တရားသူကြီးတစ်ဦဂက ပယ်ချလိုက်သည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ နောက်ထပ်ကြားနာစစ်ဆေးမှုကို မနက်ဖြန် ကြာသပတေးနေ့၌ ပြုလုပ်သွားမည်ဟု တရားသူကြီး Charles R. Breyer က ဆိုသည်။

နိုင်ငံတော်စောင့်တပ်ဖွဲ့ (National Guard) ကို တပ်ဖြန့်စေလွှတ်လိုက်သည့် သမ္မတထရမ့်၏ လုပ်ရပ်သည် ဆိုးပြီးသားအခြေအနေကို ပိုဆိုးစေသည်ဟု ဒီမိုကရက်တစ်ပါတီဝင် ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က ဆိုသည်။

သမ္မတဒေါ်နယ်ထရမ့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒများအပေါ် ဆန့်ကျင်ဆန္ဒပြပွဲများ လော့စ်အိန်ဂျယ်လိစ်တွင် စတင်ခဲ့ပြီးနောက် ဆန်ဖရန်စစ္စကို၊ ဒဲလက်စ်၊ အော်စတင်နှင့် နယူးယောက်မြို့အပါအဝင် မြို့ပေါင်း ၂၄ မြို့ခန့်အထိ ပျံ့နှံ့သွားခဲ့ကြောင်း The New York Times သတင်းတွင် ဖော်ပြထားသည်။

Source: CNN