BREAKING
October 20, 2025

သရက်ချောင်း၊ မင်းဒပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်

June 11, 2025

သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ မင်းဒပ်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတို့ ယနေ့ (ဇွန် ၁၁) မနက်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ပူးပေါင်းတပ်တွင်ပါဝင်သူများနှင့် ဒေသခံအချို့က ပြောသည်။

ဇွန်လ ၁၁ ရက် မနက် ၈ နာရီခန့်မှ ၉ နာရီခွဲခန့်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိသည်ဟု တပ်ပေါင်းစုတပ်ဖွဲ့တွင်ပါဝင်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ရင်း(၁၂) တပ်ခွဲ(၂) ကစယ်ဒိုကျားအထူးတပ်ဖွဲ့က တပ်ခွဲမှူး စောဘဦးသစ်က ပြောသည်။

“တိုက်ပွဲကတော့ နှစ်ဖက်စလုံးမှာ ထိခိုက်မှုရှိတာပဲ၊ ကိုက် ငါးဆယ်လောက်အကွာကနေ သွားပစ်တာဆိုတော့ သူတို့ဘက်မှာလည်းထိခိုက်မှုရှိမှာပဲ” ဟု စောဘဦးသစ်က ဆိုသည်။

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးဒဏ်ရာရမှုကို အတိအကျမသိရသေးသော်လည်း ကစယ်ဒိုကျားအထူးတပ်ဖွဲ့ကမူ တပ်စိတ်မှူးတစ်ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က နှစ်ဦးဒဏ်ရာရသည်ဟု ၎င်းက ဆိုသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန် ထားဝယ်-မြိတ်ကားလမ်း ခေတ္တပိတ်သွားပြီး တိုက်ပွဲပြီးချိန် ပုံမှန်တိုင်းပြန်သွားလာနေသည်ဟု မင်းဒပ်ရွာအနီးက အသက် ၆၀ ခန့်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တော့ ရွာထဲဝင်နေတဲ့ ရွာသားတွေအကုန်ပြေးပေါ့၊ စစ်တပ်ကလဲ မင်းဒပ်ရွာထဲမှာပဲတပ်စွဲထားတယ်၊ ဦးတို့လည်း ရငဲဘက်ပြေးလာတယ်၊ ဦးလေးမိန်းမတော့ ရွာမှာပဲကျန်ခဲ့တယ်၊ သူ့အမေအိုက ပြေးဖို့ခေါ်တာ မလိုက်တော့ သူပါနေရစ်ရတာပေါ့” ဟု အထက်ပါအမျိုးသားက ဆိုသည်။

သရက်ချောင်းမြို့မှ ပလောက်အထိ လမ်းကြောတစ်ခုလုံးတွင် စစ်ကောင်စီတပ်၏ ဝင်းဝစခန်းတစ်ခုသာ ကျန်ရှိနေသည်။ ဝင်းဝစခန်းကို ကာချင်သည့်အတွက် မင်းဒပ်တွင် စစ်ကောင်စီတပ်များ တပ်လာစွဲထားခြင်း ဖြစ်နိုင်သည်ဟု စောဘဦးသစ်က သုံးသပ်သည်။

မင်းဒပ်ရွာမှာ တပ်စွဲထားသည့်စစ်ကောင်စီတပ်သည် လူငယ်အမျိုးသားနှစ်ဦးနှင့် ရဟန်းတစ်ပါးကို ယနေ့အထိ ၎င်းတို့နှင့်အတူ ဖမ်းဆီးထားပြီး မေ ၂၈ ကဖမ်းဆီးထားသူနှစ်ဆယ်ကျော်ကို ဇွန်လ ၅ ရက်တွင် ပြန်လွတ်ပေးခဲ့သည်။