BREAKING
October 19, 2025

မြိတ်နှင့် ကော့သောင်းတွင် ရုရှားဘာသာစကားသင်တန်း ထပ်ဖွင့်မည်

June 11, 2025

ပုံစာ - ထားဝယ်မြို့တွင် မေလ ၁၄ ရက် ကပြုလုပ်သည့် ရုရှားဘာသာစကားသင်တန်း ဖွင့်ပွဲ ။ ဓာတ်ပုံ - MOI

တနင်္သာရီတိုင်း စစ်ကောင်စီအစိုးရအဖွဲ့က မြိတ်မြို့ နှင့် ကော့သောင်းမြို့တို့တွင် လာမည့် ဇူလိုင်လအတွင်း ရုရှားဘာသာစကားသင်တန်းကို ဖွင့်လှစ်ရန် စီစဥ်နေကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဌာန၏ ကြေညာချက်နှင့် အစိုးရအဖွဲ့နှင့်နီးစပ်သူများ၏ ပြောဆိုချက်အရ သိရသည်။

ထားဝယ်မြို့တွင် မေလ ဒုတိယအပတ်ကစတင်ဖွင့်လှစ်ခဲ့သည့် ရုရှားဘာသာစကားအခြေခံသင်တန်းသည် ယခုဇွန်လ ၆ ရက်တွင် သင်တန်းဆင်းပွဲပြုလုပ်ကာ သင်တန်းသား နှစ်ရာကျော်ကို သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ဖော်ပြသည်။

ယင်းအပြင် မြိတ်မြို့တွင် ထပ်မံဖွင့်လှစ်သွားရန် အစီအစဥ်ရှိကြောင်း ရေးသားဖော်ပြသည်။

ရုရှားဘာသာစကားသင်တန်းနှင့်ပတ်သက်၍ တနင်္သာရီတိုင်း စစ်ကောင်စီအစိုးရအဖွဲ့ နှင့် နီးစပ်သူများထံမေးမြန်းရာ ကော့သောင်းမြို့တွင်လည်း ဖွင့်လှစ်ရန် စီစဥ်နေကြောင်း ဆိုသည်။

“ကော့သောင်းမှာကတော့ ခရီးသွားလုပ်ငန်း တိုးချဲ့မယ်ဆိုတဲ့ရည်ရွယ်ချက်ပေါ့နော်။ ရနောင်းဘက်ကနေ ရုရှားခရီးသွားတွေ ဝင်လာရင် အသုံးဝင်အောင်လို့ ဖွင့်တာ။ မြိတ်မှာကတော့ ခရိုင်မြို့ဖြစ်နေလို့ ဖွင့်တာပါ။ ထားဝယ်မှာတော့ အခု အခြေခံသင်တန်းပြီးပြီ။ နောက်တစ်ဆင့်လာမယ်ပေါ့” ဟု စစ်ကောင်စီတိုင်းအစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထားဝယ်မြို့တွင် ဖွင့်လှစ်သည့် ရုရှားဘာသာစကားသင်တန်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဌာနက ဘာသာစကားသင်ဆရာတစ်ဦးက သင်ကြားပြီး ဌာနဆိုင်ရာဝန်ထမ်းအများစုနှင့် တက္ကသိုလ်ကျောင်းသားအချို့ တက်ရောက်ခဲ့ကြောင်း သင်တန်းတက်ရောက်ခဲ့သူများထံမှ သိရသည်။

ရုရှားဘာသာစကားသင်တန်းကို ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်အတွက်ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်း ၊ ညွှန်ကြားရေးမှူးရုံးတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည် ။

ယခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားနှင့် စစ်ကောင်စီတို့အကြား ထားဝယ်ရေနက်ဆိပ်ကမ်းအထူးစီးပွားရေးဇုန် ပြန်စရန် နားလည်မှုစာချွန်လွှာရေးထိုးပြီးနောက် မြေပြင်တွင်နယ်မြေရှင်းလင်းမှုလုပ်နေသလို စစ်ကောင်စီတိုင်းအစိုးရဘက်ကလည်း ဌာနဆိုင်ရာဝန်ထမ်း များကို ရုရှား ဘာသာစကား သင်တန်းပေးခြင်းများ ပြုလုပ်လာခြင်းဖြစ်သည် ။