BREAKING
June 14, 2025

သိန်ခွန်းရွာအနီးတွင် တော်လှန်ရေးတပ်များနှင့်စစ်ကောင်စီတို့ ၈ နာရီကျော်ကြာ တိုက်ပွဲထပ်ဖြစ်

June 11, 2025

ပုံစာ - တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် ဓာတ်ပုံ - Dawei Watch

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းရှိ တနင်္သာရီမြို့နယ် သိန်ခွန်းရွာအနီးတွင် စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲထပ်ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဇွန်လ ၁၀ရက်နေ့ နံနက် ၇နာရီခန့်တွင် မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းသို့ သွားရာလမ်းပိုင်းရှိ သိန်ခွန်းရွာအနီး ဥယျာဉ်ခြံများအတွင်းသို့ စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် ၈ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KNLAတပ်ရင်း၁၁ ၏ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို တပ်မဟာ ၄ လက်အောက်ခံ KNLAတပ်ရင်း၁၁ နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။

သိန်ခွန်းကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၄ ရက်မှ ၆ ရက်နေ့အထိ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

“တစ်နေကုန်တိုက်ပွဲဖြစ်နေတယ်။ မနက် ၇ နာရီကနေ ညနေ ၃ နာရီအထိ ဖြစ်နေတယ်။ သူတို့ဘက်က(စစ်ကောင်စီ) အင်အားထပ်တိုးထားပြီး စစ်ကြောင်းလိုက်ထိုးနေတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးအများအပြားပစ်ခတ်ခဲ့သည့်အပြင် ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း KNLAတပ်ရင်း ၁၁ ကနောက်ထပ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဘက်က ထိခိုက်မှုမရှိသော်လည်း စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒရုန်းနဲ့လက်နက်ကြီး အများကြီးသုံးတယ်။မိုးရွာသလိုဖြစ်နေတယ် လာကျနေတာ။တိုက်ပွဲပြီးတော့ ပြန်ဆုတ်သွားကြတယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။

သိန်ခွန်းရွာ၏ အရှေ့ဘက်ခြမ်း(မောတောင်ဘက်)ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး သိန်ခွန်းရွာ အနောက်ဘက်ခြမ်း(ချောင်းနှစ်ပေါက်ရွာဘက်)ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည်။

မောတောင်နယ်စပ်စခန်းသို့ သွားသည့်လမ်းပိုင်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ရန် အင်အားရာချီသုံးပြီး စစ်ကြောင်းထိုးနေသည်မှာ ၆လ နီးပါးရှိလာပြီ ဖြစ်သော်လည်း ရှေ့ဆက်မတိုးနိုင်ဘဲ သိန်ခွန်းရွာတွင်ပင် ရပ်တန့်နေသည်။