တနင်္သာရီမြို့နယ် သဘော့လိပ်ရွာတွင် ခဲသတ္တုလုပ်ကွက်များက လူနေအိမ်အနီးထိ ရောက်လာပြီး ချိုင့်ခွက်ကြီးများ ကျန်ခဲ့သဖြင့် ကလေးများအန္တရာယ်ကျရောက်မည့် အခြေအနေဖြစ်နေရှိကြောင်း ဒေသခံများက ပြောဆိုသည်။
သဘော့လိပ်ကျေးရွာတွင် ယခုနှစ် ဇန်နဝါရီလမှစကာ ခဲလုပ်ကွက်များက ရွာအတွင်းပိုင်းအထိ ရောက်လာကြောင်း ဒေသခံအချို့က ဆိုသည်။
လက်ရှိတွင် ခဲတူးထားသဖြင့်ကျန်ခဲ့သည့်ချိုင့်ခွက်ကြီးများတွင် ရေပြည့်နေသလို အချို့ချိုင့်ခွက်ကြီးများတွင် ရွှံ့ဖြင့်ပြည့်နေသည့်အတွက် ကလေးများနှင့် အိမ်မွေးတိရစ္ဆာန်များ ဘေးဖြစ်မည်ကို စိုးရိမ်နေရကြောင်း သဘော့လိပ်ရွာနေဒေသခံအချို့က ဆိုသည်။
လက်ရှိတွင် မိုးရာသီရောက်နေပြီဖြစ်သည့်အတွက် အဆိုပါချိုင့်ခွက်ကြီးများတွင် ရေဝပ်နေပြီး ရေကန်ကဲ့သို့ ဖြစ်လာသလို ချိုင့်ခွက်အချို့မှာ ရွှံအိုင်ကြီးများဖြစ်လာသည်။
အဆိုပါရွှံ့အိုင်များတွင် အပေါ်ယံက မြက်ပေါက်နေပြီး မာကြောနေသည်ဟုထင်ရသော်လည်း တက်နင်းလိုက်ပါက ကျွံကျနစ်မြှုပ်သွားလေ့ရှိကြောင်း ဒေသခံအချို့က ဆိုသည်။
“ခဲလုပ်ကွက်တွေက အိုင်ကြီး၊တွင်းကြီးတွေ ကျန်ခဲ့တယ်။နွားလည်း လေးကောင်ဖြစ်ပြီ တွင်းထဲကျသေတာ။ လူတွေလည်း သေနေတဲ့ အသံကြားရတယ်”ဟု အသက်၂၈နှစ်အရွယ် သဘော့လိပ်ရွာသားတစ်ဦးက ပြောသည်။
လူသေဆုံးမှုရှိသည်ဆိုသည့်အချက်နှင့် ပတ်သက်၍ ဒေသခံများက တိတိကျကျပြောဆိုခဲ့ခြင်းမရှိပေ။
ခဲလုပ်ကွက်နေရာအဟောင်းများမှာ သဘော့လိပ်ရွာအတွင်း အများအပြားရှိနေပြီး ကလေးများကို နေအိမ်အနောက်ဘက်သို့ပင် မသွားခိုင်းရဲတော့ကြောင်း ၎င်းက ဆိုသည်။
“အခုဆိုရင် လူနေအိမ်နားအထိ ခဲဆိုင်း(လုပ်ကွက်)တွေ ရောက်လာကြတယ်။ချောင်းတွေလည်း ဘာမှသုံးစားမရပြီ။ ရွာက(လူတွေ) ပိုပြီးသွားလာရ ပင်ပန်းလာတယ်။ဟိုနားလည်းချိုင့် ဒီနားလည်းချိုင့်နဲ့”ဟု အသက် ၅၀ အရွယ် သဘော့လိပ်ရွာသားတစ်ဦးက ပြောသည်။

ရွှံများဖြင့်ပြည့်နေသည့် ချိုင့်အတွင်းသို့ ပြုတ်ကျမည်စိုးသဖြင့် မွေးထားသည့်နွားများကို ကြိုးဖြင့်ချည်၍သော်လည်းကောင်း ခြံခတ်၍သော်လည်းကောင်း ထိန်းကျောင်းနေရကြောင်း အထက်ပါဒေသခံက ဆိုသည်။
သဘော့လိပ်ရွာတွင် ခဲသတ္တုတူးဖော်သူများက ဒေသခံများပိုင်ဆိုင်သည့် မြေကွက်၊ ဥယျာဉ်ခြံများကိုဝယ်ယူပြီး ခဲသတ္တုတူးဖော်နေကြခြင်းဖြစ်သည်။
ထိုကြောင့် ရွာအတွင်း၌ ဒေသခံများမရောင်းချဘဲချန်ထားသည့် မြေကွက်၊ ဥယျာဉ်ခြံ နှင့်လူနေအိမ်များ၏ မြေသာကျန်ပြီး ကျန်သည့်မြေအားလုံးမှာ ခဲလုပ်ကွက်များဖြစ်နေသည်။
ထို့အတူ တနင်္သာရီမြို့နယ်အတွင်းရှိ သာရဘွင်ရွာနှင့် မနီးမဝေးမရှိ နတ်ဖွက်တောင်ခြေရင်းရှိ မြစ်မတွင် စက်ယန္တယားများဖြင့် လုပ်ကိုင်နေသည့် ခဲသတ္တုလုပ်ကွက်များလည်းရှိနေသည်။