BREAKING
May 12, 2025

ထီးခီး- ထီးထာမှသည်

May 11, 2025

(၁) ထီးခီး- ထီးထာစခန်းတွေကို တော်လှန်ရေးတပ်တွေ သိမ်းပြီ

ထားဝယ်မြို့အရှေ့ဖက် ထိုင်းနယ်စပ်အနီးရှိ ထီးခီး-ထီးထာ စစ်ကောင်စီစခန်းတွေကို KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေက မေလ ၉ ရက်နေ့မှာ သိမ်းပိုက်လိုက်ပါပြီ။

ထီးခီး-ထီးထာဆိုတာ ၁၉၈၈ မတိုင်ခင်အထိ ထားဝယ်အပါအဝင် ပြည်မကလူတွေ မကြားဖူးတဲ့အမည်တွေပေါ့။ ၁၉၈၈ နောက်ပိုင်း ကျောင်းသားတွေ တောထဲရောက်၊ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) စခန်းတွေ ထိုင်း-မြန်မာနယ်စပ် တလျှောက်မှာပေါ်လာ။

၁၉၈၉ နိုဝင်ဘာမှာ ABSDF ဒုတိယအကြိမ်ညီလာခံကို မင်းသမီးစခန်း (ထီးထာရွာမှာ) မှာ ကျင်းပတဲ့အခါမှာတော့ အဲဒီခေတ်က စစ်ထောက်လှမ်းရေးရဲ့ ဝါဒဖြန့်မီဒီယာ မြက်ခင်းသစ်မှာ ထီးထာရွာနဲ့ တနသာင်္ရီမြစ်အကြောင်း ပြည်မက စာဖတ်သူတွေ ပထမဆုံးအကြိမ် စတင် ဖတ်ဖူးကြမယ်ထင်ပါတယ်။

ABSDF ကျောင်းသားစခန်းရှိတဲ့နေရာက အဲဒီ ထီးထားရွာရဲ့အောက်ဖက် ၃ ကီလိုခန့်အကွာ တနင်္သာရီမြစ်ဘေးက အမရာရွာ (ရဲဘော်သုံးကျိပ်ခေတ်က စစ်ကြောင်းချီရာလမ်းက အများတောင်ကြား) အနီးမှာ ရှိပါတယ်။

ထီးခီး-ထီးထာ-အမရာကနေ ဘယ်လိုလုပ် မင်းသမီးစခန်းအမည်က ပေါ်လာသလဲဆိုတော့… အဲဒီ ထီးခီး (ချောင်းဖျား) ကနေ ထီးထာ (ချောင်းဝ) ဆီ စီးဆင်းလာတဲ့ ချောင်းလေးကို မက်တမီချောင်းလို့ ခေါ်ပါတယ်။ ကျိုးဖိုးတွေက မြန်မာမှု ပြုလိုက်တော့ မက်တမီကနေ မင်းသမီးချောင်းဖြစ်သွားပြီး ကျောင်းသားတွေနေတဲ့စခန်းကိုလည်း မင်းသမီးစခန်းလို့ ခေါ်တွင်စေသတည်း ဖြစ်လာတဲ့သဘောပါ။

ဒါက ထီးခီး-ထီးထာ စခန်းတွေကို တော်လှန်ရေးတပ်တွေက သိမ်းလိုက်ပြီလို့ သတင်းကြားမိ မိခြင်း အဲဒီ မင်းသမီးစခန်းမှာ ၁၀ နှစ်ကျော်နေခဲ့ဖူးတဲ့ တော်လှန်ရေးရဲဘော် ကျောင်းသားဟောင်းတဦးရဲ့ အောက်မေ့ အမှတ်ရချက်ပါ။

(၂) ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းကာလ၊

၁၉၈၈ နောက်ပိုင်းမှာ အဲဒီလို နာမည်ကြီးခဲ့တဲ့ ထီးခီး-ထီးထား-မင်းသမီးစခန်းတွေဟာ ၁၉၉၇ ဖေဖေါ်ဝါရီမှာတော့ စစ်တပ်ရဲ့ သိမ်းပိုက်ခြင်းကို ခံလိုက်ရပါတယ်။

ကျောင်းသားအတော်များများ ဒုက္ခသည်စခန်းတွေကနေ တဆင့် တတိယ နိုင်ငံတွေဆီရောက်သွား၊ ထီးခီး-ထီးထာ ရွာသားအတော်များများလည်း တတိယ နိုင်ငံတွေဆီရောက်သွားခဲ့ပေမယ့် အများစုက ထန်းဟင်ဒုက္ခသည်စခန်းနဲ့ အနီးဝန်းကျင်က ရွာတွေမှာ ရှိနေဆဲပါ။

ABSDF နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ KNLA ရဲဘော်အချို့ကတော့ နယ်စပ်မှာ ခြေကုတ်စခန်းရအောင်ပြန်လုပ်၊ တပ်တွေကို ပြန်တည်ဆောက်၊ ၂၀၁၀ ရွေးကောက်ပွဲကာလ ငြိမ်းချမ်းရေးလုပ်တဲ့အခါ KNLA တပ်မဟာ ၄ ဟာလည်း အခြား တပ်မဟာတွေလိုပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ ပြန်ပါဝင်လာ။

၂၀၁၀ ရွေးကောက်ပွဲအလွန် ဦးသိန်းစိန်အစိုးရခေတ် ရောက်လာတဲ့အခါမှာတော့ ရှေ့မှာပြောခဲ့တဲ့ ထားဝယ်-ကန်ချနပူရီ ကားလမ်း၊ ထီးခီး နယ်စပ်ကုန်သွယ်ရေးဂိတ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် ထီးခီး-မေတ္တာ၊ ကလုံးထာ၊ ရေဖြူ- နဘုလယ် ကားလမ်းကြောင်းတွေကို ခွင့်ပြုချက်ပေး၊ မေတ္တာမြို့တဖက်ကမ်းကနေ ထီးခီးအထိ လမ်းတလျောက်မှာ လုံခြုံရေးဂိတ်တွေချပြီး စစ်တပ်နဲ့ နားလည်မှုရထားခဲ့ပါတယ်။

အဲဒီ ၂၀၁၁ ကနေ ၂၀၂၁ အထိ ၁၀ နှစ်တာ ကာလအတွင်း ထားဝယ်-ကန်ချနပူရီလမ်းကနေ ထားဝယ်ဒေသခံအတော်များများ ထိုင်းနိုင်ငံဖက် အလည်အပတ်တော်တော်များများ သွားကြတယ်။ နယ်စပ်ကုန်သွယ်ရေးလည်း အတိုင်းတာတခုအထိ အောင်မြင်၊ ထီးခီးမှာလည်း ဟိုတယ်ဇုန်ဆောက်တဲ့အထိ စီးပွားရေးသမားတွေ အဆင်ပြေခဲ့ပါတယ်။

ရွှေရည်စိမ် ဒီမိုကရေစီခေတ်လို့ပြောနိုင်တဲ့ အဲဒီ ၁၀ နှစ်တာကာအတွင်း ရရှိထားသမျှ အားလုံးဟာ ၂၀၂၁ မှာ စစ်တပ်က တဖန် အာဏသိမ်းချိန်မှာတော့ အရင် ၁၉၈၈ က အခြေအနေကို ပြန်ရောက်သွားခဲ့ပြန်ပေါ့။

(၃) သမိုင်းတပတ် ပြန်လည်မလား- သမိုင်းသစ်ရေးနိုင်မလား၊

အဲဒီတော့ လွန်ခဲ့တဲ့ ၁၉၈၈ က ABSDF ကျောင်းသားတွေ တော်လှန်ရေးစတင်ခဲ့တဲ့အခြေအနေနဲ့ အခု PDF လူငယ်တွေ တော်လှန်ရေးစတင်တဲ့အခြေအနေတွေဟာ အတူတူလိုဖြစ်နေသလား၊ သမိုင်းဟာ ရှေ့မတိုးဘဲ ဒီစက်ဝန်းထဲမှာပဲ ပြန် ပြန်လည်နေသလား ဆိုတာ စဉ်းစားစရာဖြစ်လာနေပါတယ်။

ဒါပေမယ့် သမိုင်းထဲက နေရာအခင်းအကျင်းတွေက သိပ်မပြောင်းဘူး။ ပြန် ပြန်လည်နေတယ်လို့ ထင်ရပေမယ့် သမိုင်းထဲက ဇတ်ကောင်တွေ၊ လူတွေကတော့ ပြောင်းသွားခဲ့ပါပြီ။

ဒီနေ့ နွေဦးတော်လှန်ရေးကို ဦးဆောင်နေတာ ABSDF ခေတ်က လူတွေ မဟုတ်တော့ပါ။ PDF လူငယ်ခြေတက်တွေဖြစ်ပါတယ်။ ဆိုလိုတာက မျိုးဆက်ပြောင်းသွားပြီလို့ ဆိုချင်ပါတယ်။

တချိန်တည်းမှာပဲ ဒီနေ့ ထီးခီး-ထီးထာ စခန်းတွေကို ပြန်သိမ်းယူလိုက်တဲ့ KNLA တပ်မဟာ ၄ မှူး၊ ဗိုလ်မှူးချုပ် ဖိုးလေး ဆိုတာ အရင် ABSDF ခေတ်က တပ်မဟာ ၄ မှူး ဗိုလ်မှူးချုပ်အော်လီဗာရဲ့ သားပါ။ KNLA မှာလည်း မျိုးဆက်ပြောင်းသွားပြီလို့ ဆိုနိုင်ပါတယ်။

PDF တွေထဲမှာ ABSDF ရဲဘော်ဟောင်းတွေရဲ့ သားသမီး ဘယ်နှစ်ဦးပါသလဲ၊ စာရေးသူမှာ အချက်အလက်မရှိသေးပါ။ ဒါပေမယ့် ရဲဘော်ဟောင်းတွေ ဆက်ပါဝင်နေတာ၊ ရဲဘော်ဟောင်းတွေရဲ့ ညီတွေ၊ တူတွေ၊ ဆွေမျိုးတွေ ပါဝင်နေတာကတော့ သေချာပါတယ်။

စာရေးသူလို အသက် ၆၀ တန်း ပြည်ပရောက် ရဲဘော်ဟောင်းအများစုကတော့ ထောက်ပို့တပ်သားတာဝန်ကိုသာယူနိုင်ပြီး မြေပြင်ကို ပြန်ဆင်းဖို့ မလွယ်တော့ပါ။

ဆိုလိုတာက ဒီတကြိမ်တော်လှန်ရေးဟာ မျိုးဆက်သစ်တွေ ဦးဆောင်တဲ့ တော်လှန်ရေးဖြစ်တာကြောင့် အရင် မျိုးဆက်ဟောင်းခေတ်ကလို ထီးခီး-ထီးထာ-မေတ္တာ လောက်မှာတင် လုံးခြာလည်နေပြီး ထီးခီးမှာ ဂိတ်ဖွင့်လိုက်- အခွန်ကောက်လိုက်၊ ကျေးရွာတွေကို အုပ်ချုပ်ရေးချလိုက် စတဲ့ ရွာသူကြီးအဆင့်နဲ့ ကျေနပ်နေလို့ မရတော့ပါ။

အရင်ခေတ် ERO (တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ) ခေါင်းဆောင်ပိုင်းက စဉ်းစားခဲ့သလိုမျိုး ကိုယ့်ဒေသကိုယ် အုပ်ချုပ်ခွင့်ရရင်တော်ပြီ (ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့ပြည်နယ်ရရင်တော်ပြီ) နေပြည်တော်-ရန်ကုန်ကိစ္စက ငါတို့နဲ့မဆိုင်ဘူး။ ဗမာတွေ ဆက်လုပ်လိမ့်မယ်ဆိုပြီး ပစ်ထားလို့မရတော့ပါ။

စာရေးသူ မှတ်မိသလောက်ဆိုရင် နေပြည်တော်အထိ တက်သိမ်းမယ်လို့ပြောဖူးတဲ့ ERO ထဲမှာ KNU က ထိပ်ဆုံးမှာရှိတယ်ထင်ပါတယ်။ အခြား ERO တွေက စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အားလုံးလက်တွဲတိုက်ပွဲဝင်မယ်လို့ ယေဘုယျပြောထားကြပေမယ့် နေပြည်တော်အထိ လိုက်မှာလား၊ ကိုယ်ဒေသ ကိုယ်သိမ်းပြီးရင် ကိုယ်ပြည်နယ် ကိုယ်အုပ်ချုပ်ရေးကို ဦးစားပေးမှာလား၊ သဲသဲကွဲကွဲ မရှိလှသေးပါဘူး။

နေပြည်တော်ကို သိမ်းမယ်ပြောထားတဲ့ KNU ရဲ့ တိုက်ပွဲသတင်းတွေထဲမှာတောင်…“KNLA တပ်မဟာ ဘယ်လောက်၊ ဘယ်ခရိုင်ထဲမှာ ကျုးကျော်စခန်းချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တိုက်ထုတ်လိုက်တယ်”… ဒီလို အသုံးအနှုန်းမျိုးတွေ့နေရဆဲဖြစ်ပါတယ်။

ဆိုလိုတာက KNU နယ်မြေထဲ မကျုးကျော်ဘဲ နေပြည်တော်မှာပဲနေတဲ့ တပ်၊ ရန်ကုန်မှာပဲ နေတဲ့ တပ်ဆိုရင် သွားမတိုက်ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုး ယူမယ်ဆိုယူလို့ရနေတဲ့ စာသားမျိုးဖြစ်နေပါတယ်။ ခုခံစစ်ဆိုတာကို ပေါ်လွင်စေချင်လို့ သုံးတဲ့ စကားလုံးကို စာရေးသူ အဓိပ္ပါယ် အကောက်လွဲတာလည်း ဖြစ်နိုင်ပါတယ်။

ထားတော့- လက်တွေ့အခြေအနေကိုကြည့်ရအောင်ပါ။ အခုတလော KNLA ရဲ့ ထိုးစစ်ဟာ အရင်ထိုးစစ်တွေထက် နည်းနည်းထူးပါတယ်။ တပ်မဟာ ၄ က ထီးခီးသိမ်းတဲ့နေ့မှာ တပ်မဟာ ၇ က တခေါ်ဘိခီးစခန်းကိုသိမ်းပါတယ်၊ တပ်မဟာ ၃ က ရွှေကျင်မြို့ရှိ ခမရ-၅၉၈ ကိုသိမ်းပါတယ်။ ဒီစခန်း ၃ ခုကို တရက်တည်း တချိန်တည်းသိမ်းတယ်ဆိုတာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။

နိဂုံးချုပ်ရရင်တော့ KNU နဲ့ ERO တွေက ဘယ်အထိသွားမှာလဲ။ တပ်မဟာ ၄ ကိုယ်တိုင်ကကော ထီးခီး-ထီးထာ-မေတ္တာ ဝန်းကျင်မှာပဲ လွတ်မြောက်နယ်မြေ ထူထောင်ပြီး အရင်ခတ်လိုပဲ ထီးခီး-ထားဝယ် ကားလမ်း စိုးမိုးရေးလောက်ကိုပဲ မှန်းထားသလား။

သေချာတာကတော့ ဘယ်လောက်ပဲ မှန်းထားသည်ဖြစ်စေ နေပြည်တော်က အာဏာရှင်ကို မဖြုတ်ချနိုင်ရင်တော့ အရင် ၁၀ နှစ်အတွင်း ရထားခဲ့တဲ့ ငြိမ်းချမ်းရေးတွေ လုပ်ပိုင်ခွင့်တွေ ဖျက်ဆီးခံရသလိုမျိုး ထပ်ကာထပ်ကာ သံသရာ လည်နေဦးမှာပဲဖြစ်ပါတယ်။

ဒီလို ထပ်မံဖျက်ဆီးမခံရဖို့အတွက်၊ ကိုယ့်ပြည်နယ် ကိုယ့်အုပ်ချုပ်ခွင့်ရရေး သေချာစေဖို့အတွက် တနည်းအားဖြင့် နေပြည်တော်က အာဏာရှင်တွေကိုဖြုတ်ချနိုင်ဖို့အတွက် အခုချိန်ဟာ သမိုင်းမှာ အကောင်းဆုံးအခွင့်အခါဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုး နောက်တကြိမ် ထပ်ရဖို့မဖြစ်နိုင်ပါ။ ဒါကြောင့် သံပူတုန်း နာနာထု ဆိုသလို စစ်ကောင်စီဖက်က အကြပ်ရိုက်နေစဉ်မှာ ERO တွေအားလုံး PDF တွေနဲ့လက်တွဲပြီး ကိုယ့်ဒေသ ကိုယ်သိမ်းပိုက်ရေးစစ်ပွဲကနေ နေပြည်တော်သိမ်းပိုက်ရေး စစ်ပွဲအထိ ချီတက်ဖို့ သမိုင်းက တောင်းဆိုနေပြီဖြစ်ပါကြောင်း တိုက်တွန်းတင်ပြလိုက်ရပါတယ်။

ထက်အောင်ကျော်