BREAKING
May 12, 2025

ထားဝယ်မြို့ပေါ်တွင် သွေးလွန်တုပ်ကွေးအဖြစ်များနေ၍ ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်

May 11, 2025

သွေးလွန်တုပ်ကွေးအဖြစ်များနေသည့် ထားဝယ်မြို့ပေါ်တွင် ခရိုင်ကျမ်းမာရေးဦးစီးဌာနနှင့် တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ မေလ ၁၁ ရက်နေ့မှစကာ ရောဂါကာကွယ်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်နေကြသည်။

သွေးလွန်တုပ်ကွေးကာကွယ်နိုင်ရန်အတွက် ခြင်ဆေးဖြန်းခြင်း၊ Abate ( ပိုးလောက်လန်း သေဆေး)ခတ်ခြင်းနှင့် သွေးလွန်တုပ်ကွေး ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ပြုလုပ်နေခြင်းဖြစ်သည်။

ထားဝယ်မြို့ပေါ် ရှိ သွေးလွန်တုပ်ကွေး အဖြစ်များနေသည့် တလိုင်းမ၊တလိုင်းထိန်ရပ်ကွက်နှင့် ဝဲကျွန်းရပ်ကွက်များတွင် ဆောင်ရွက်နေကြောင်း သိရသည်။

တလိုင်းမ ရပ်ကွယ်ရှိ ပြင်းထန်သွေးလွန်တုပ်ကွေးဖြစ်သည့် နေအိမ်နှင့် ကိုက်တစ်ရာအကွာ၌ရှိသော နေအိမ်များ၏ပတ်ဝန်းကျင်နှင့် ရေကန်၊ရေဝပ်သောနေရာများတွင် ယနေ့ မေလ ၁၁ ရက်နေ့ နံနက်ပိုင်း၌ ခြင်းဆေးဖြန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဝဲကျွန်းရပ်ကွက်တွင် မေလ ၁၂ ရက်နေ့ မနက်ဖြန်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအ‌ ရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူဦးနိုင်မျိုးသွင်ကပြောသည်။

“သက်ဆိုင်ရာဌာနကနေပြီး အဘိတ်ဆေး၊ ခြင်ဖြန်းဆေးကို လိုသလောက်ထုတ်ပေးဖို့ တောင်းဆိုချင်တယ်။ အခုက ပရဟိတအသင်းတွေကနေ ဘယ်မှာဝယ်ရမှန်းလည်း မသိတော့ အခြားပရဟိတအဖွဲ့တွေ အနေနဲ့လည်း ကျယ်ကျယ်ပြန့်ပြန့်လုပ် ဆောင်ဖို့ အခက်အခဲရှိနေတယ်”ဟု ဦးနိုင်မျိုးသွင်ကပြောသည်။

ယခု မေလ ပထမပတ်အတွင်း ထားဝယ်ဆေးရုံကြီး၌ အဖျားရောဂါလက္ခဏာ ဖြင့် ဆေးရုံတက်ရောက်ကုသနေသည့် ကလေးများတွင် ၁၄ ဦး သွေးလွန်တုပ်ကွေး ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး ဌာနနှင့်နီးစပ်သူများထံမှသိရသည်။

ရောဂါလက္ခဏာ တွေ့ရှိသူ ၁၄ ဦးအနက် အချို့မှာ ပြန်လည်ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်ကြောင်းသိရသည်။

ဆက်လက်ကုသနေသူများအနက် မေလ လ ၉ ရက်နေ့ တွင် ထားဝယ်မြို့မှ အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးခဲ့သည်။

ထားဝယ်ခရိုင်အတွင်းရှိ သွေးလွန်တုပ်ကွေးဖြစ်နေသည့် နေရာဒေသများမှာ ထားဝယ်မြို့ပေါ်ရှိ ဝဲကျွန်း ၊ ဆန်းချီ၊တလိုင်းမ ၊အိမ်ရှေ့ပြင်၊ကညုံရပ်ကွက်နှင့် သရက်ချောင်းမြို့နယ်ရှိ သရက်နှစ်ခွကျေးရွာ၊ရေဖြူနယ်ရှိ ကံပေါက်ဒေသ မိကျောင်းအိုင် ကျေးရွာနှင့် ကင်း တောင်ကျေးရွာတို့ဖြစ်သည်။