အာဏာသိမ်ပြီး လေးနှစ်တာကာလအတွင်း မြိတ်မြို့တွင် ဘောလုံး၊ နှစ်လုံး၊ သုံးလုံး စသည့် လောင်းကစားဒိုင် အရေအတွက် အများအပြားထပ်တိုးလာကြောင်း မြို့ခံအချို့ထံမှ သိရသည်။
လက်ရှိတွင် မြိတ်မြို့ပေါ်ရှိ ရပ်ကွက်တစ်ခုလျှင် လောင်းကစားဒိုင် ၅ ခုထက်မနည်းရှိနေပြီး စစ်ကောင်စီတာဝန်ရှိသူများကို လိုင်းကြေး(ငွေ)ပေးကာ ပြုလုပ်နေကြခြင်းဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။
အာဏာမသိမ်းမမီက မြိတ်မြို့ တစ်မြို့လုံးတွင် ဘောလုံး၊ နှစ်လုံး၊ သုံးလုံးစသည့် လောင်းကစားဒိုင် ၁၅ ဒိုင် ဝန်းကျင်သာရှိရာက လက်ရှိတွင် ဒိုင်အရေအတွက် ဆယ်ချီတိုးလာကြောင်း မြို့ခံများက ပြောသည်။
“ဘိတ်(မြိတ်)က ရဲတွေကို အပီပေါင်းပြီး လစဉ်လိုင်းကြေးသာပေးနေ ကြိုက်သလောက်ထီဒိုင်တွေ ရောင်းလို့ရတယ်။ ပေါ်ပေါ်တင်တင် ပွင့်ပွင့်လင်းလင်းပဲ။ သွားတိုင်လို့ အရေးယူပေးမယ့် သူလည်းမရှိဘူး။ အားလုံးတစ်ဖက်သားတည်း ပေါင်းစားနေကြတာ”ဟု မြို့ခံတစ်ဦးက ဆိုသည်။
ဘောလုံး၊ နှစ်လုံးနှင့် သုံးလုံး လောင်းကစားဒိုင်တစ်ခုလျှင် လိုင်းကြေးအဖြစ် ငွေကျပ် ၅သိန်း မှ ကျပ်သိန်းဆယ်ချီပေးရနေရသည်ဟု သိရကြောင်း ၎င်းက ပြောသည်။
မြိတ်မြို့တွင် ရပ်ကွက်ပေါင်း ၁၂ ခုရှိပြီး အာဏာမသိမ်းမီက လောင်းကစားဒိုင်များက လျှို့လျှို့ဝှက်ဝှက်ဖြင့် လုပ်ကိုင်ရောင်းချနေကြခြင်းဖြစ်ပြီး တိုင်ကြားခံရပါက ဖမ်းဆီးအရေးယူလေ့ရှိကြောင်းမြို့ခံများက ပြောသည်။
လက်ရှိတွင်မူ လောင်းကစားဒိုင်များက ပေါ်ပေါ်တင်တင်ပင်လုပ်ကိုင်နေကြကြောင်း နောက်ထပ်မြို့ခံတစ်ဦးက ဆိုသည်။
“ရပ်ကွက်နေသူတွေကိုလည်း အရေးမစိုက်ဘူး။ အဲဒီလောင်းကစားဒိုင်တွေ တော်တော်လူပါးဝတာ။ သက်ဆိုင်ရာက လူကြီးတွေကလည်း ငွေသာပေးနေရင် ကြိုက်သလောက်ရောင်း၊ ဟိုကောင်(လောင်းကစားဒိုင်) တွေ ဇောင်းကြွဖို့ကောင်းလေပေါ့ဗျာ”ဟု အထက်ပါ မြို့ခံက ပြောသည်။
ဘောလုံး၊ နှစ်လုံး၊သုံးလုံးဒိုင်များမှာ မြိတ်တောင်နယ်မြေ၊ မြို့သစ်နယ်မြေ၊ ကန်ကြီးရပ်ကွက်၊ကွက်သစ်ရပ် ကွက်နှင့်ရေပုန်းရပ်ကွက် စသည့်ရပ်ကွက်များတွင် အများဆုံးတွေ့ရကြောင်း မြို့ခံများ ထံမှ သိရသည်။