ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ထီးခီးနယ်စပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်သော်လည်း နယ်စပ်မှတစ်ဆင့် စားနပ်ရိက္ခာတင်သွင်းခွင့်ကို ထိုင်းနယ်ခြားစောင့်တပ်က ပိတ်ပင်ကန့်သတ်ထားဆဲဖြစ်ကြောင်း စစ်ရှောင်အရေးကူညီနေသူအချို့ထံမှ သိရသည်။
တိုက်ပွဲစဖြစ်ချိန်မှ ထီးခီးစခန်းသိမ်းပြီး လက်ရှိအချိန်အထိ ကြက်ဥ၊မာမား၊ ဆန်ကဲ့သို့ အခြေခံစားသောက်ကုန်များကို မြန်မာဘက်ခြမ်းသို့တင်သွင်းခွင့်ကို ထိုင်းနယ်ခြားစောင့်တပ်က တင်းတင်းကျပ်ကျပ် တားမြစ်ထားကြောင်း စစ်ရှောင်ကူညီနေသူအချို့က ဆိုသည်။
ထီးခီးနယ်စပ်ဂိတ်အပါအဝင် ဗောဓိနယ်စပ်ဂိတ်နှင့် အနီးဝန်းကျင်ရှိ နယ်စပ်တစ်လျှောက်တွင် ပိတ်ပင်ကန့်သတ် ထားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။


ထီးခီးနယ်စပ်စခန်းကို KNU အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များကို မေလ ၁ ရက်နေ့တွင်စတင်တိုက်ခိုက်ပြီး ၉ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။
“မာမားတွေ ကြက်ဥတွေခဏထားဦး။ မုန့်လေးတစ်ထုပ်တောင်သယ်လို့မရဘူး။ စားနပ်ရိက္ခာဆိုရင် အဲလောက်အထိတောင် တင်းကျပ်ပစ်လိုက်တယ်”ဟု အထက်ပါ စစ်ရှောင်ကူညီနေသူက ပြောသည်။
တစ်ဖက်တွင်လည်း ထားဝယ်ဘက်မှ စားနပ်ရိက္ခာသယ်ဆောင်ခွင့်ကို ထားဝယ်-မေတ္တာလမ်းပိုင်းရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များက ပိတ်ပင်ထားသည့်အတွက် စစ်ရှောင်ပြည်သူများမှာ စားနပ်ရိက္ခာပြတ်လပ်မည့် အခြေအနေ ရင်ဆိုင်နေရကြောင်း စစ်ရှောင်ကူညီနေသူနောက်တစ်ဦးက ဆိုသည်။
နယ်စပ်ရှိ ထီးခီးဒေသနေ ပြည်သူများမှာ စားနပ်ရိက္ခာကို ထားဝယ်နှင့် ထိုင်းဘက်ကပါ တင်သွင်းစားသောက်နေကြရာ လက်ရှိတွင်ဝင်ပေါက်နှစ်ခုစလုံးက ပိတ်ပင်ကန့်သတ်ထားခြင်း ဖြစ်သည်။
ထို့အပြင် တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစကာ ထီးခီးနယ်စပ်ရှိ မြန်မာနိုင်ငံသားများက ထိုင်းဘက်ခြမ်းသို့ စစ်ဘေးရှောင်ထွက်ပြေးကြသော်လည်း ထိုင်းနယ်ခြားစောင့်တပ်က အဝင်မခံသဖြင့် နယ်စပ်မျဉ်းဝန်းကျင်တွင် နေထိုင်ကြရကြောင်း အဆိုပါစစ်ရှောင်ကူညီနေသူက ဆိုသည်။
“လူသားချင်းစာနာမှုအရပဲပြောပြော နှစ်နိုင်ငံအခြေအနေအရပဲပြောပြော စစ်နယ်ဝန်းထဲမှာရှိနေတဲ့ ပြည်သူတွေက ဒုက္ခဖြစ်နေကြတယ်။ စစ်ဖြစ်တဲ့အချိန်မှာမှ ဒီလိုပိတ်ဆို့တာကတော့ မဖြစ်သင့်ဘူး။ လုံးဝကို မဖြစ်သင့်ဘူး”ဟု ၎င်းက ပြောသည်။
ထိုင်းနယ်ခြားစောင့်တပ်က ပေးမဝင်သည့် ထီးခီးရွာနေ ပြည်သူနှစ်ရာဝန်းကျင်မှာ နယ်စပ်စည်းရိုးဝန်းကျင်ရှိ တောတောင်အတွင်း ခက်ခက်ခဲခဲနေထိုင်ကြရကြောင်း ၎င်းကပြောသည်။
စစ်ဘေးရှောင်များနေထိုင်ကြရသည့်နေရာမှာ တိုက်ပွဲပြင်းထန်ခဲ့သည့် ထီးခီးစခန်းနှင့် အကွာအဝေးအားဖြင့် ပေရာဂဏန်း (ဝါးနှစ်ပြန်)အတွင်း တည်ရှိသည်။
တိုက်ပွဲဖြစ်နေချိန်တွင် စစ်ရှောင်များကို စားနပ်ရိက္ခာသွားလှူချိန်ကလည်း ထိုင်းနိုင်ငံ ဖူနမ်ရွန်ရွာအနီးရှိ နယ်ခြားစောင့် တပ်က ငါးသေတ္တာဘူး၊ မာမားကဲ့သို့ စားသောက်ကုန်များကိုလက်မခံဘဲ ထမင်းထုပ်ကိုသာ ၎င်းတို့ကတစ်ဆင့်လှူခဲ့ရကြောင်း ကိုယ်တိုင်သွားလှူခဲ့သူတစ်ဦးက ဆိုသည်။
“ထိုင်းငမဲ(အနက်ရောင်ယူနီဖောင်းဝတ်နယ်ခြားစောင့်တပ်)တွေက စစ်ဘေးရှောင်တစ်ယောက်ကို ထမင်းတစ်ဘူးနဲ့ ရေတစ်ဘူးပဲပေးတယ်”ဟု ၎င်းက ပြောသည်။
ထီးခီးနယ်စပ်တပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ချိန်တွင် စခန်းရှိစစ်ကောင်စီတပ်သား ၁၃၀ ခန့်က ထိုင်းဘက်ခြမ်းသို့လက်နက်နှင့်အတူဆုတ်ခွာထွက်ပြေးရာတွင် ထိုင်းနယ်ခြားစောင့်တပ်က ကူညီပေးခဲ့ကြောင်း တော်လှန်ရေးတပ်များက ပြောဆိုထားသည်။