BREAKING
May 11, 2025

အိန္ဒိယနှင့် ပါကစ္စတန်အကြား အပစ်ရပ်သဘောတူညီပြီး နာရီပိုင်းအကြာတွင် ပေါက်ကွဲမှုဖြစ်၊ အပြန်အလှန်စွပ်စွဲ

May 11, 2025

နှစ်နိုင်ငံ အပစ်ရပ်သဘောတူညီချက် ရရှိခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သဘောတူညီချက်ကို ချိုးဖောက်သည်ဟု အိန္ဒိယနှင့် ပါကစ္စတန်အကြား အပြန်အလှန် စွပ်စွဲခဲ့ကြသည်။

အပစ်ရပ်သဘောတူညီချက် စတင်အသက်ဝင်ပြီးနောက် နာရီပိုင်းအကြာတွင် အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားတွင် ပေါက်ကွဲသံများ ပေါ်ထွက်လာခဲ့သည်။

ယင်းနောက် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗီကရမ်မိစရီက အပစ်ရပ်သဘောတူညီချက်ကို ပါကစ္စတန်ဘက်မှ ထပ်ခါထပ်ခါ ချိုးဖောက်မှုများ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းအပေါ် အိန္ဒိယတပ်ဖွဲ့များက သင့်လျော်သည့် တုံ့ပြန်မှု လုပ်ဆောင်နေကြောင်း ၊ ပါကစ္စတန်အနေဖြင့် ၎င်းတို့ဘက်မှ အပစ်ရပ်သဘောတူညီချက် ချိုးဖောက်မှုကို ဖြေရှင်းပေးရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းနောက် အချိန်အနည်းငယ်အကြာတွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယဘက်မှ နေရာအချို့တွင် အပစ်ရပ်သဘောတူချက်ကို ချိုးဖောက်မှုရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ပါကစ္စတန်အနေဖြင့် အပစ်ရပ်သဘောတူညီချက်ကို သစ္စာရှိရှိ အကောင်အထည်ဖော်သွားမည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

အပစ်ရပ်သဘောတူညီချက်ကို ချောချောမွေ့မွေ့ အကောင်အထည်ဖော်ရေးတွင် ပေါ်ပေါက်လာသည့် မည်သည့်ပြဿနာကိုမဆို နှစ်နိုင်ငံချိတ်ဆက် ပြောဆိုဆက်ဆံရင်း ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။

“မြေပြင်က တပ်ဖွဲ့တွေအနေနဲ့လည်း ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ လိုအပ်ပါတယ်”ဟု ယင်းထုတ်ပြန်ချက်က ဆိုသည်။

ပြီးခဲ့သည့် လေးရက်အတွင်း အိန္ဒိယနှင့်ပါကစ္စတန်အကြား ဖြစ်ပွားခဲ့သည့် အပြန်အလှန်တိုက်ခိုက်မှုများသည် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးသော စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်သည်။

ပြီးခဲ့သည့်လက အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသတွင် အိန္ဒိယခရီးသွားများကို အကြမ်းဖက်သမားများက တိုက်ခိုက်သတ်ဖြတ်ခဲ့သည်။ ယင်းအကြမ်းဖက်တိုက်ခိုက်မှုတွင် ပါကစ္စတန်အစိုးရက ၎င်းတို့ ပါဝင်ပတ်သက်မှုမရှိဟု ငြင်းဆိုထားသည်။

ယင်းအကြမ်းဖက်တိုက်ခိုက်မှုအပေါ်လက်တုံ့ပြန်သည့်အနေဖြင့် ပါကစ္စတန်နိုင်ငံအတွင်းနှင့် ပါကစ္စတန်အုပ်ချုပ်သည့် ကက်ရှ်မီးယားရှိ ပစ်မှတ်များကို အိန္ဒိယဘက်က စတင်တိုက်ခိုက်ခဲ့သည်။

ယင်းနောက် ဒရုန်းများ ၊ လက်နက်ကြီးများဖြင့် နှစ်နိုင်ငံ အပြန်အလှန်ပစ်ခတ်မှုများ ပေါ်ပေါက်လာခဲ့သည်။

နှစ်နိုင်ငံအကြား အပြန်အလှန် နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများ လေးရက်ကြာ ဖြစ်ပွားခဲ့ပြီးနောက် အပစ်ရပ်သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက ယမန်နေ့က ကြေညာခဲ့သည်။

အမေရိကန်၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် အိန္ဒိယနှင့် ပါကစ္စတန်အကြား အလုံးစုံ ချက်ချင်းအပစ်ရပ်ရေး သဘောတူညီချက် ရရှိခဲ့ပြီဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်းပိုင်ဆိုင်သည့် Truth Social လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။

ယင်းသဘောတူညီချက်ရရှိအောင် နိုင်ငံပေါင်း သုံးဒါဇင်ကျော်က ကြားဝင်ညှိနှိုင်းပေးခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက နောက်ပိုင်းတွင် အတည်ပြုထုတ်ပြန်ခဲ့သည်။

သို့သော် အပစ်ရပ်သဘောတူညီကြောင်း ကြေညာချက်ထွက်ပေါ်လာပြီး နာရီပိုင်းအကြာတွင် အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသမှ ဒေသခံများက ပေါက်ကွဲသံများ ကြားရကြောင်း ဖော်ပြခဲ့ကြသည်။

၁၉၄၇ ခုနှစ် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရပြီးနောက် ကက်ရှိမီးယားဒေသအရေး အငြင်းပွားကာ နှစ်နိုင်ငံမကြေမလည် ဖြစ်နေဆဲဖြစ်သည်။

Source: BBC