BREAKING
May 11, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

May 11, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မေ ၄ ရက်မှ ၁၀ ရက်အထိ

မြန်မာစစ်ခေါင်းဆောင် ရုရှားခရီးစဉ်မှာ တရုတ်သမ္မတနဲ့ တွေ့ခွင့်ရ

Photo – Chinese Embassy in Myanmar

နှစ် ၈၀ပြည့် ဒုတိယကမ္ဘာစစ်အောင်ပွဲဖြစ်တဲ့ ရင်ပြင်နီချီတက်ပွဲကို တက်ဖို့ ရုရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်နဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ မေလ ၉ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်သမ္မတနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့တာပါ။ ငလျင်ကြောင့် မြန်မာနိုင်ငံမှာ ထိခိုက်သေဆုံး ပျက်စီးမှုအပေါ် တရုတ်နိုင်ငံက အကူအညီပေးနေတဲ့ အခြေအနေကို ရှီကျင့်ဖျင်က ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တည်ငြိမ်သင့်လျော်စွာနဲ့ ပြည်တွင်း နိုင်ငံရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်မှုကို​ ထောက်ခံအားပေးတယ်လို့လည်း ဆိုပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်မှုကို အဆက်မပြတ် တွန်အားပေးလုပ်ဖို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီဘက်က ထုတ်ပြန်ရာမှာတော့ တရုတ်သမ္မတက မြန်မာနိုင်ငံမှာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံအားပေးတယ်လို့ ဖော်ပြပါတယ်။ တရုတ်နိုင်ငံဘက်က ထုတ်ပြန်ရာမှာတော့ အဲဒီအချက် ပါဝင်တာမျိုး မတွေ့ရပါဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံသို့ သုံးလအတွင်း နှစ်ကြိမ်သွားရောက်ခဲ့ပြီး အခုတစ်ကြိမ်မှာ တော့ ရုရှားသမ္မတပူတင်နဲ့ သီးခြားတွေ့ဆုံခွင့် မရသေးဘူးလို့ မေလ ၉ရက်က သတင်းတွေမှာ ဖော်ပြကြပါတယ်။

……………………………………..

ထိုင်းနယ်စပ်က ထီးခီးစခန်းကို နှစ် ၃၀နီးပါးအကြာမှာ KNUနဲ့ ပူးပေါင်းတပ်တွေ သိမ်းယူ

Photo – KNU

ထိုင်း-မြန်မာနယ်စပ်မျဉ်းပေါ်က နယ်စပ်ကုန်သွယ်ရေးဂိတ်နဲ့ တစ်ဆက်တည်းရှိတဲ့ စစ်ကောင်စီရဲ့ ထီးခီးဗျူဟာစခန်းကို ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပါတယ်။

ထားဝယ်ခရိုင်မှာရှိတဲ့ ထီးခီးစခန်းကို စစ်ကောင်စီတပ် လေကြောင်းကနေ အသည်းအသန်ခုခံနေတဲ့ကြားက စတင် တိုက်ခိုက်ပြီး ကိုးရက်အကြာ မေလ ၉ရက်မှာ သိမ်းယူနိုင်ခဲ့ဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၀ လောက်ဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့တယ်လို့ KNU ဘက်က ပြောပါတယ်။ ဒီမတိုင်ခင် ထီးခီးနယ်စပ်ဗျူဟာ စခန်းနဲ့ ၅မိုင်လောက်ပဲ ကာကွယ်ဝေးတဲ့ ထီးထာဗျူဟာစခန်းကိုလည်း ဧပြီလ ၁၉ ရက်မှာ သိမ်းယူခဲ့ပါသေးတယ်။

ထီးခီးနဲ့ ထီးထာမှာ ၁၉၇၅ ခုနှစ်မှာ KNU က ဌာနချုပ်ရုံးတွေ ဖွင့်ခဲ့ပြီး မြန်မာစစ်တပ်က မေဂျာအော်ပရေးရှင်းအနေနဲ့ တိုက်ခိုက်တာကြောင့် ထီးခီးစခန်းကို ၁၉၉၇ ခုနှစ်မှာ လက်လွှတ်ခဲ့ရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။ အခု ၂၈နှစ် အကြာမှာတော့ ထီးခီးစခန်းကို ပြန်လည် သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။ 

……………………………………..

သိမ်းထားတဲ့ မြို့ငါးမြို့ကို လက်လွှတ်ဖို့ မရှိသေးဘူးလို့ တအာင်းတပ်ပြော

Photo – TNLA

လားရှိုးနဲ့ ပြင်ဦးလွင်ကြားမှာရှိတဲ့ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်နဲ့ မိုးကုတ်မြို့တွေကို စစ်ကောင်စီဆီကို ပြန်လွှဲပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ တအာင်းတပ် TNLA က ထုတ်ဖော်ပြောဆိုထားပါတယ်။

တရုတ်ကြားဝင်စေ့စပ်မှုနဲ့ တအာင်းတပ်နဲ့ စစ်ကောင်စီတို့ဟာ ကူမင်းမြို့မှာ ဧပြီလကုန်ပိုင်းက ဆွေးနွေးခဲ့ကြပြီး အဲဒီမြို့ငါးမြို့ကနေ တအာင်းတပ် ဆုတ်ခွာပေးဖို့ စစ်ကောင်စီရဲ့ တောင်းဆိုချက်ကို တအာင်းတပ်က ပယ်ချတာကြောင့် ဆွေးနွေးမှု ရှေ့ဆက်မတိုးနိုင်ဘဲ ဩဂုတ်လကို ရွှေ့ခဲ့ရပါတယ်။

အဲဒီဆွေးနွေးပွဲအပြီး မေလ ၄ရက်မှာ TNLA က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး တရုတ်ဖိအား ကြီးမားတဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တအာင်းတပ်နဲ့ မြန်မာပြည်သူတွေက အာဏာသိမ်းစစ်ကောင်စီကို ဖြုတ်ချလိုပြီး တရုတ် ကတော့ တည်ငြိမ်ရေးကို လိုလားနေတယ်လို့ ဆိုပါတယ်။ ချဉ်းကပ်ပုံမတူတာကြောင့် အဖြေရှာတာလည်း ကွာဟတယ်လို့ TNLA က ဗိုလ်မှူးကြီး တားပန်လက ပြောဆိုခဲ့ပါတယ်။ မြန်မာပြည်သူတွေ မြေပြင်ကြုံနေတဲ့အခြေအနေတွေ သတ်ဖြတ် ခံနေရတဲ့ ကိစ္စတွေကို တရုတ်အစိုးရက မမြင်သေးတဲ့အတွက် အခုလို အခက်အခဲ ကြုံနေရတာလို့လည်း ဆိုပါတယ်။

TNLA အနေနဲ့တော့ နှစ်ဖက်တပ် ရောက်တဲ့နေရာမှာ အပစ်ရပ်ဖို၊ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တာ ထိုးစစ်ဆင် တိုက်ခိုက်တာတွေကို ရပ်ဖို့၊ ပြည်သူလူထုကို လွတ်လွတ်လပ်လပ်သွားလာခွင့်ပေးဖို့ အချက်သုံးချက်ကို တောင်းဆိုထားပါတယ်။ အဲဒီသုံးချက် ရရှိမှုအပေါ်မူတည်ပြီး အပစ်အခတ်ရပ်စဲရေး အဖြေထွက်မယ်လို့လည်း တအာင်းတပ်ဘက်က ဆိုပါတယ်။

……………………………………..

RFA မြန်မာပိုင်းအစီအစဉ်တွေ လုံးဝရပ်နား

Photo – RFA

ရန်ပုံငွေ မသေချာ မရေရာမှုတွေကြောင့် RFA မြန်မာပိုင်းအစီအစဉ်တွေ ထုတ်လွှင့်မှုကို လုံးဝရပ်နားလိုက်ပြီလို့ RFA မြန်မာပိုင်းက မေလ ၉ရက်မှာ ကြေညာခဲ့ပါတယ်။

လုံးဝ မျှော်လင့်မထားဘဲ ရန်ပုံငွေ ပယ်ဖျက် ရုပ်သိမ်းမှုနဲ့ ရင်ဆိုင်လိုက်ရတာကြောင့် အစီအစဉ် ရပ်နားလိုက်တာဖြစ်တယ်လို့ RFA မြန်မာပိုင်းဌာနမှူး ဦးကျော်ကျော်အောင်က ပြောပါတယ်။ RFA မြန်မာအစီအစဉ်တွေ ပြန်လည်ထုတ်လွှင့်နိုင်ဖို့ကို မျှော်လင့်နေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

VOA နဲ့ RFA သတင်းဌာနတွေကို ငွေကြေးထောက်ပံ့နေတဲ့ အမေရိကန်ပြည်ထောင်စု ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM) ကို လုပ်ငန်း အဆုံးစွန်ထိ လျှော့ချဖို့ မတ်လ ၁၅ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီနောက် မတ်လ ၁၆ရက်မှာ VOA မြန်မာပိုင်းရပ်နားခဲ့ပြီး RFA ကတော့ ဝန်ထမ်းအနည်းငယ်နဲ့ ဆက်လက် လုပ်ကိုင် နေခဲ့တာဖြစ်ပါတယ်။

……………………………………..

ရခိုင်ဝါရင့်နိုင်ငံရေးသမား၊ AA နိုင်ငံရေးမှူး ဦးဦးလှစောကွယ်လွန်

Photo – Mgkhine Aung

ရခိုင်ဝါရင့်နိုင်ငံရေးသမား အာရက္ခတပ်တော် (AA/ULA) ရဲ့ နိုင်ငံရေးမှူး ဦးဦးလှစော (ခေါ်) ကဗျာဆရာ၊ စာရေးဆရာ မောင်ခိုင်အောင် မေလ ၅ရက်ညမှာ ကွယ်လွန်ခဲ့ပါတယ်။

မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်းဖြစ်တဲ့ ဦးဦးလှစောဟာ လည်ချောင်း ကင်ဆာရောဂါနဲ့ အသက် ၇၂နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တာပါ။ ဦးဦးလှစောဟာ ကျောင်းသားအရေး လှုပ်ရှားမှုတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ထောင်ဒဏ် နှစ်ရှည် နှစ်ကြိမ် ကျခံခဲ့ရပါတယ်။

၁၉၉၀ ပြည့်နှစ်ကာလ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီမှာ ပါဝင်ခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲကာလ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ကို တည်ထောင်ရာမှာလည်း အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့ ပါတယ်။ ALDနဲ့ RNDP ကို ရခိုင်အမျိုးသားပါတီ ANP အဖြစ် ပေါင်းစည်းရာမှာလည်း ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာတော့ AA/ULA ရဲ့ Victor 1 (ဗစ်တာ ဝမ်း) စစ်ဒေသရဲ့ နိုင်ငံရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ဦးဦးလှစော ကွယ်လွန်မှုအပေါ် တော်လှန်ရေး အင်အားစုတွေ၊ နိုင်ငံရေးအသိုင်းအဝိုင်းတွေက ဝမ်းနည်းကြေကွဲရကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

……………………………………..

MNA ခရီးတင်လေယာဉ် ထွက်ခွာခါနီး မီးလောင်

မြန်မာအမျိုးသားလေကြောင်းလိုင်း MNA က ခရီးသည်တင်လေယာဉ်တစ်စင်း မန္တလေးမြို့ကနေ ရန်ကုန်ကို စတင်ထွက်ခွာရာမှာ ဘရိတ်စနစ်ပူပြင်းတာကြောင့် ဘယ်ဘက်တာယာတွေ ပွင့်ထွက်လွင့်စင်မီးလောင်ခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည်တင် ၁၄၀ ကျော် လိုက်ပါလာပြီး မေလ ၆ရက် ညနေပိုင်းမှာ ပျံတက်ဖို့ ပြုလုပ်နေချိန် မီးလောင်ခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ တာယာတွေနဲ့ လေယာဉ်ကို ပြေးလမ်းမှာ ရပ်တန့်နိုင်ခဲ့ပြီး မီးကို ငြှိမ်းသတ်နိုင်ခဲ့ တယ်လို့ ​MNA က ထုတ်ပြန်ပါတယ်။ အခု မတော်တဆမှုကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ ထိခိုက်မှု တစ်စုံတရာ မရှိခဲ့ဘူးလို့ ဖော်ပြပါတယ်။

ခရီးသည်တစ်ဦးကတော့ ညှော်နံ့ထွက်ချိန်မှ မီးလောင်တာကို သိရပြီး လေယာဉ်မှူးကိုယ်တိုင် လေယောဉ်မီးလောင် နေတယ်လို့ ပြောတဲ့အချိန်အထိ အရေးပေါ်တံခါးတွေကို လေယာဉ်ဝန်ထမ်းတွေက ဖွင့်မပေးခဲ့ဘူးလို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

……………………………………..