ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း စားဖိုဆောင်သီးနှံများအပါအဝင် အသားနှင့် ငါးပုစွန် ဈေးနှုန်းများ ဈေးမြင့်တက်လျက်ရှိသည်။
ပြီးခဲ့သည့်သီတင်းပတ် ဧပြီလ ၅ရက်က ကြက်သွန်နီတစ်ပိဿာ ၃,၅၀၀ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၁,၀၀၀ကျပ်နှင့် အာလူးတစ်ပိဿာ ၄,၀၀၀ကျပ်စျေးရှိသည်။ ဧပြီလ ၁၁ ရက်တွင်မူ ကြက်သွန်နီတစ်ပိဿာ ၃,၈၀၀ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၄,၀၀၀ကျပ်နှင့် အာလူးတစ်ပိဿာ ၆,၀၀၀ကျပ်သို့ ဈေးတက်သွားသည်။
တစ်ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် သုံးရာကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ၃,၀၀၀ ကျပ်နှင့် အာလူးတစ်ပိဿာလျှင် ၂,၀၀၀ ကျပ်ဈေးတက်သွားကို တွေ့ရှိရသည်။
ယင်းအပြင် အသားစျေးများလည်း တက်လာသည်။
ဧပြီ ၅ ရက်က ဝက်သားတစ်ပိဿာ ၃၃,၀၀၀ကျပ်၊ ကြက်သားတစ်ပိဿာ ၂၀,၀၀၀ ကျပ်မှ ဧပြီလ ၁၁ ရက်တွင်ဝက်သား တစ်ပိဿာ ၃၅,၀၀၀ကျပ်၊ကြက်သားတစ်ပိဿာ ၂၂,၀၀၀ကျပ် ဖြစ်လာသည်။ ဝက်သားနှင့် ကြက်သားတို့မှာ တစ်ပတ်အတွင်း တစ်ပိဿာလျှင် ၂,၀၀၀ ကျပ်စီ ဈေးတက်လာသည်။
ငါးနှင့် ပုစွန်များလည်း ဈေးမြင့်တက်လျက်ရှိသည်။
အခြေခံလူတန်းစား အများစု စားသုံးလေ့ရှိသည့် ပါတူး (ခေါ်) ငါးလုံးတစ်ပိဿာလျှင် ဧပြီ ၅ ရက်က ၁၆,၀၀၀ကျပ်၊ ငါးမဲလုံး တစ်ပိဿာ ၁၂,၀၀၀ကျပ်၊ ငါးကွန်းရှပ်တစ်ပိဿာ ၃၃,၀၀၀နှင့် ပုစွန်ချောကြီး တစ်ပိဿာ ၅၅,၀၀၀ကျပ် စျေးရှိခဲ့သည်။
ဧပြီလ ၁၁ ရက်တွင်မူ ပါတူးငါးတစ်ပိဿာ ၂၂,၀၀၀ကျပ်၊ ငါးမဲလုံးတစ်ပိဿာ ၁၅,၀၀၀ကျပ်၊ ငါးကွန်းရှပ်တစ်ပိဿာ ၄၀,၀၀၀ ကျပ်နှင့် ပုစွန်ချောကြီးတစ်ပိဿာ ၆၀,၀၀၀ကျပ်အထိ ဈေးမြင့်တက်သွားသည်။
ထို့ကြောင့် ထားဝယ်ရေထွက်ကုန်ဈေးကွက်၌ တစ်ပတ်အတွင်း ပါတူး(ခေါ်)ငါးလုံး တစ်ပိဿာလျှင် ၆,၀၀၀ကျပ်၊ ငါးမဲလုံး တစ်ပိဿာလျှင်၃,၀၀၀ကျပ်၊ ငါးကွန်းရှပ်တစ်ပိဿာလျှင် ၇,၀၀၀ကျပ်နှင့် ပုစွန်ချောကြီးတစ်ပိဿာလျှင် ၅,၀၀၀ကျပ် ဈေးမြင့်တက်သွားသည်။
ထားဝယ်ဒေသထွက် ဆန်နှင့် တိုင်းပြင်မှတင်သွင်းလာသည့် ဆန်ဈေးနှုန်းများမှာလည်း ဇယားပါဈေးနှုန်းများအတိုင်း ဈေးဆက်လက်မြင့်တက်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။










