ထားဝယ်မြို့တွင် သင်္ကြန်ကာလ၌ စက်သုံးဆီကို နေ့တစ်ဝက်သာ ရောင်းချမည်ဖြစ်ကြောင်း စက်သုံးဆီဆိုင်များတွင် ကြေညာထားသည်။
ယခင်က နံနက် ၆ နာရီခွဲမှ ညနေ ၅ နာရီအထိ မော်တော်ယာဉ်များကို အချိန်ခွဲခြား ရောင်းချပေးနေရာမှ သင်္ကြန်ကာလတွင်မူ နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အထိသာ ရောင်းချပေးတော့မည်ဖြစ်ကြောင်း ကြေညာထားခြင်းဖြစ်သည်။
သင်္ကြန်ကာလတွင် စက်သုံးဆီဆိုင် ဝန်ထမ်းများ နှစ်သစ်ကူး နားရက်ပေးနိုင်ရန်အတွက် နေ့တစ်ဝက်သာ ရောင်းချပေးရန် စီစဉ်ရခြင်းဖြစ်ကြောင်း စက်သုံးဆီဆိုင် မန်နေဂျာတစ်ဦးက ပြောသည်။
“သင်္ကြန်ဆိုတော့လေ နားရက်ဖြစ်နေတာကိုး။ ဆိုင်က ဝန်ထမ်းတွေကလည်း နှစ်သစ်ကူးဆိုတော့ နားရက်ပေးဖို့ လိုတယ်လေ။ အဲဒါကြောင့်ပါ။ တခြားအကြောင်းတော့ မရှိပါဘူး” ဟု ၎င်းက ပြောဆိုသည်။
သို့သော် သင်္ကြန်တွင်း စက်သုံးဆီသုံးစွဲမှု လုံလောက်စေရန်အတွက် ယနေ့ ဧပြီလ ၁၁ ရက်မှစပြီး စက်သုံးဆီပမာဏကို တိုးပြီး ရောင်းချနေကြောင်းလည်း စက်သုံးဆီဆိုင်အချို့ထံမှ သိရသည်။
ယခင်က ဆိုင်ကယ်တစ်စီး ကျပ်တစ်သောင်းဖိုသာ ရောင်းချပေးနေရာမှ ယခု တစ်သောင်းငါးထောင်ကျပ်၊ ကားတစ်စီးကိုမူ ယခင်က နှစ်သောင်းကျပ်ဖိုးမှ ယခုလေးသောင်းကျပ် စသဖြင့် တိုးမြှင့်ရောင်းချနေကြောင်း စက်သုံးဆီဆိုင်အချို့ထံမှ သိရသည်။
မြို့ခံတစ်ဦးကလည်း စက်သုံးဆီဆိုင်များသည် ယနေ့မှစပြီး စက်သုံးဆီကို ယခင်ကထက် တိုးပြီးရောင်းချနေကြောင်း ပြောဆိုသည်။
သင်္ကြန်ကာလ စက်သုံးဆီရောင်းချမည့်ပုံစံမှာ နံနက် ၆ နာရီမှ ၈ နာရီ ၃၀ မိနစ်အထိ ဆိုင်ကယ်၊ ၈ နာရီ ၃၀ မိနစ်မှ ၁၀ နာရီ ၃၀ မိနစ်အထိ သုံးဘီး၊ ၁၀ နာရီ ၃၀ မိနစ်မှ ၁၂ နာရီ ၃၀ မိနစ်အထိ ကားများကို ရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။
ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မှ ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့အထိ ထိုသို့ရောင်းချပေးမည်ဖြစ်ကြောင်း ဆိုသည်။
သင်္ကြန်ကာလထဲတွင် စုံ မ ကန့်သတ်ချက်ရှိနေခြင်း၊ စက်သုံးဆီ နေ့တစ်ဝက်သာ ရောင်းချပေးခြင်းတို့ကြောင့် စက်သုံးဆီ လိုချင်သူများ ပိုတိုးလာမည်ဖြစ်ရာ ဆီဆိုင်များတွင် တန်းစီသူများ ပိုများလာနိုင်ကြောင်း မြို့ခံအချို့က ပြောဆိုကြသည်။
“အခုကတည်းက ကြိုတန်းစီပြီး ဝယ်ထားမှ ရမှာ။ အဲဒီလို မဟုတ်ရင် သင်္ကြန်ထဲမှာ ဆီတန်းစီရင်းနဲ့ သင်္ကြန်လည် ရတော့မှာ မဟုတ်ဘူး” ဟု မြို့ခံ လူလတ်ပိုင်းအမျိုးသမီးတစ်ဦးက ပြောသည်။
ယနေ့ ဧပြီလ ၁၁ ရက်သည် ထားဝယ်ဒေသတွင် ကလေးသင်္ကြန်နေ့ဖြစ်ပြီး ယနေ့ ထားဝယ်တွင် သင်္ကြန်ရေပက်သူများ၊ ရေပက်ခံထွက်သူများ ရှိနေပြီဖြစ်သည်။







