ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သင်္ကြန်ကာလအတွင်း ထားဝယ်တွင် ရေထွက်ကုန်များ ဈေးမြင့်တက်

April 11, 2026

ထားဝယ်မြို့တွင် သင်္ကြန်ကာလအတွင်း ရေထွက်ကုန်ပစ္စည်းအများစု ဈေးမြင့်တက်လျက်ရှိကြောင်း ထားဝယ်ရေထွက်ကုန်ဈေးကွက်ထံမှ စုံစမ်းသိရသည်။

ဧပြီလ ၅ ရက်က ပုစွန်ချော တစ်ပိဿာ ၅၅,၀၀၀ကျပ်မှ ထားဝယ်သင်္ကြန်ကာလ ဧပြီလ ၁၁ ရက်တွင် ၆၀,၀၀၀ကျပ်၊ ပုစွန်ဖြူတစ်ပိဿာ ၁၈,၀၀၀ကျပ်စျေးရှိရာမှ ၃၀,၀၀၀ကျပ်သို့ ဈေးမြင့်တက်လျက်ရှိသည်။

ထို့အပြင် ငါးကွန်းရှပ်ကြီးတစ်ပိဿာ ၃၃,၀၀၀ကျပ်မှ ၄၀,၀၀၀ကျပ်၊ ပါတူး ‌(ခေါ်) ငါးလုံးတစ်ပိဿာ ၁၆,၀၀၀ကျပ်မှ ၂၂,၀၀၀ကျပ်၊ ငါဒွန်းခြင်းလုံးတစ်ပိဿာ ၁၆,၀၀၀ ကျပ်မှ ၂၃,၀၀၀ကျပ်သို့ အသီးသီး စျေးတက်သွားကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ထားဝယ်ရေထွက်ကုန်ဈေးကွက်တွင် ငါးနှင့် ပုစွန် ဈေးနှုန်းများမှာ သင်္ကြန်မတိုင်ခင်က ဈေးနှုန်းထက် ယခုသင်္ကြန်အတွင်း ဈေးနှုန်းမှာ တစ်ပိဿာ အနည်းဆုံး ကျပ်ငါးထောင်မှ ကျပ်တစ်သောင်းကျာ်အထိ ဈေးမြင့်တက်သွားခြင်းဖြစ်သည်။

ငါးမဖမ်းရ ရာသီဖြစ်၍ ကမ်းဝေးငါးဖမ်းလှေများရပ်ထားခြင်းနှင့် ကမ်းနီးငါးဖမ်းလှေများ သင်္ကြန်လှေဝင်ရက်နှင့် စက်သုံးဆီ ဈေးတက်မှုများကြောင့် ကမ်းနီးလှေအချို့ ရပ်နားထားကြ၍ ဈေးကွက်အတွင်း ငါးရှားကာ ဈေးမြင့်တက်ခြင်း ဖြစ်ကြောင်း ထားဝယ်မြို့ရှိ အောင်တံခွန်ငါးဈေးတွင်ရေထွက်ကုန် လက်လီ/လက်ကားရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“သင်္ကြန်လှေဝင်ရက်နဲ့ ဆုံတာရယ်၊ တချို့ကလည်း ဆီဈေးကြောင့် နားထားရတော့ ငါးကမရှိဘူး။ ဒါကြောင့်ဈေးတက်တာ” ဟု ၎င်းက ပြောဆိုသည်။

ထားဝယ်မြို့ရှိ ဈေးများတွင်လည်း ယခုရက်ပိုင်း ငါးရှားပြီး ဈေးမြင့်တက်နေသည့်အပြင် အသားစျေးလည်း တက်နေကြောင်း ထားဝယ်မြို့ခံအိမ်ရှင်မတစ်ဦးက ဆိုသည်။

“အရင်က ငါးလိပ်ကျောက် ငါးတစ်ကြောင်း (တစ်စိတ်) စာကို နှစ်ထောင်ပဲ ပေးရတာ၊ အခု ငါးထောင်ပေးရတယ်။ တစ်ကြောင်းကို ငါးထောင်ပေးရတဲ့ ကုလားငု ငါးတစ်ကြောင်း အခုကျပ် တစ်သောင်းငါးထောင် ပေးရတယ်။ တုံးလိုက်ရင် ခြောက်တုံးစာလောက်ပဲ ရတယ်” ဟု ၎င်းက ပြောသည်။

ဧပြီလ ၅ရက်က ထားဝယ်ဈေးကွက်တွင် ဝက်သားတစ်ပိဿာ ၃၃,၀၀၀ကျပ်မှ ယနေ့ ဧပြီလ ၁၁ ရက်တွင် ၃၅,၀၀၀ကျပ် ဖြစ်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။

သင်္ကြန်ကာလနားရက်နှင့် ပျော်ပွဲရွှင်ပွဲများအတွက် သင်္ကြန်ကာလတွင် အသားငါးဈေးနှုန်းများ ပုံမှန်ဈေးတက် လေ့ရှိကြောင်း မြို့ခံအချို့ကပြောသည်။

မြန်မာ့ရိုးရာအတာသင်္ကြန်ကာလသည် ဧပြီလ ၁၃ ရက်မှ ဧပြီလ ၁၇ ရက်အထိ ဖြစ်သည်။

ထားဝယ်ဒေသ သင်္ကြန်ကာလသည် နှစ်ရက်စောကာ ဧပြီလ ၁၁ရက်မှစ၍ ကလေးသင်္ကြန် အဖြစ် ကြိုတင်ရေပက်ကစားကြလေ့ရှိကြသည်။