ဟိုတစ်စ ဒီတစ်စ ကြားရသည့် သင်္ကြန်သီချင်းများက ကြားရသူတို့ကို မြူးကြွစေသည်။
နှစ်သစ်ဦးတော့မည့် တန်ခူးလ။ သင်္ကြန်အနံ့အသက်ရလာသည်နှင့်အတူ ရိုးရာအစားအစာဖြစ်သည့် သင်္ကြန်ထမင်းကို တမ်းတသည့်စိတ်တို့ကလည်း တဖွားဖွား ဖြစ်လာသည်။ သင်္ကြန်ထမင်းသည် မွန်လူမျိုးတို့၏ ရိုးရာအစားအစာ။
သင်္ကြန်ထမင်းချက်ပြုတ်ကြပြီး ဘုန်းကြီးကျောင်းနှင့် လူကြီးသူကြီးအိမ်များသို့ လိုက်ပို့ခြင်း၊ မိသားစုဝင်များ စုးပေါင်းစားကြခြင်း၊ ရေကစားလာသည့် ဧည့်သည်များကို ဖိတ်ကျွေးခြင်း၊ ရေကစားမဏ္ဍပ်များတွင် စတုဒီသာ ကျွေးမွေးခြင်း စသည်တို့မှာ မွန်တို့၏ ချစ်စရာ ရိုးရာဓလေ့၊ ရိုးရာအစဉ်အလာ။ ယနေ့ခေတ်တိုင်အောင် အစဉ်အလာအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။
ထိုအစဉ်အလာကလည်း မွန်လူမျိုးတို့၏ ဧည့်ဝတ်ကျေပွန်မှုနှင့် ကုသိုလ်ယူလိုစိတ်တို့ကို ဖော်ပြနေသလို မိသားစု၊ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းများနှင့် ရင်းနှီးမှုကို ပိုမိုခိုင်မာစေသည့် သင်္ကေတတစ်ခုလည်း ဖြစ်သည်။ မွန်လူမျိုးများသည် သင်္ကြန်ထမင်းကို သင်္ကြန်ရက်များတွင်သာမဟုတ်ပဲ ရာသီဥတု အလွန်ပူးပြင်းလှသည့် တန်ခူးလတစ်လလုံးတွင် နေ့စဉ် အစားအသောက်တခုအနေဖြင့် နှစ်နှစ်ခြိုက်ခြိုက် ချက်ပြုတ်စားသောက်လေ့ရှိကြသည်။
ပူပြင်းသည့် ရာသီဥတုက အချို့သော သက်ကြီးရွယ်အိုများကို အစားအသောက်ပျက်စေသည်။ သူတို့တွေအတွက် သင်္ကြန်ထမင်းက ရင်ကို အေးမြ ခံတွင်းတွေ့စေသည်။ ထို့ပြင် မွန်လူမျိုးများသည် ယခုလို နွေရာသီကာလမှာဆိုလျှင် ရှင်ပြုပွဲများ၊ အလှူပွဲတော်များကိုလည်း စည်စည်ကားကား ကျင်းပကြသည်။ ထိုအခါမျိုးတွင်လည်း သင်္ကြန်ထမင်းဖြင့်ပင် ဧည့်ခံ ကျွေးမွေးကြသည်။
မွန်တို့၏ ရိုးရာအစားအစာ သင်္ကြန်ထမင်းမှာ ယခင်ကမူ ဆိုင်များတွင် ဝယ်၍ရနိုင်သော အစားအစာမဟုတ်ပေ။
နေအိမ်များတွင်သာ အထူးတလည် ချက်မှသာ စားရသည့် အစားအစာဖြစ်သည်။ သို့သော် ယနေ့ခေတ်တွင်မူ သင်္ကြန်ထမင်းကို လက်ဖက်ရည်ဆိုင်ကဲ့သို့သော ဆိုင်များတွင် နံနက်စာအဖြစ် တည်ခင်းရောင်းချလာပြီဖြစ်သည်။
ထိုသို့ အလွယ်တကူ ဝယ်စားလို့ရလာသည့်အတွက် မွန်ပြည်နယ်သို့ လာရောက်ကြသည့် အနယ်နယ်အရပ်ရပ်က ခရီးသွားဧည့်သည်များအတွက် သင်္ကြန်ထမင်းမှာ ရင်းနှီးကျွမ်းနေကြပြီဖြစ်သည်။ သင်္ကြန်ထမင်းကို စီးပွားဖြစ် ချက်ပြုတ်ရောင်းချခြင်းမှာလည်း ဝင်ငွေကောင်းရနေသည့် အလုပ်တစ်ခု ဖြစ်လာသည်။ သင်္ကြန်ထမင်းကို မွန်ပြည်နယ်တွင်သာ ဝယ်စား၍ ရနိုင်သည်မျိုးမဟုတ်တော့ဘဲ ရန်ကုန်လိုမြို့ကြီးများနှင့် မွန်လူမျိုးများရှိသည့် ကရင်ပြည်နယ်နှင့် တနင်္သာတိုင်းတို့တွင်လည်း အလွယ်တကူ ရရှိနေပြီဖြစ်သည်။
ချက်နည်း
သင်္ကြန်ထမင်းကို အရသာရှိရှိ သုံးဆောင်နိုင်ရန်ဆိုလျှင် အသုံးပြုမည့် ဆန်ကအစ အရေးကြီးသလို ချက်သည့်နေရာတွင်လည်း ပညာသား ပါသည်။ သင်္ကြန်ထမင်းကို ပုံမှန် ချက်ထားသည့် ထမင်းထဲသို့ ရေ သို့မဟုတ် ရေခဲရေလောင်းထည့်ပြီး စားရခြင်းမျိုးဟု အမှတ်မှားနေကြသည်လည်း ရှိသည်။ တကယ်တွင်မူ သင်္ကြန်ထမ်းချက်ရခြင်းမှာ လွယ်မလိုလိုနှင့် ခက်လှသည်။
သင်္ကြန်ထမင်းကို ဆန်လုံး ဖြူဆွတ်ပြီး ရှည်သွယ်သည့် ပေါ်ဆန်မွေးကဲ့သို့သော ဆန်အမျိုးအစားဖြင့်သာ ချက်ရသည်။ သို့မှသာ ချက်လိုက်လျှင် ထမင်းစေ့များမှာ ဖွေးဖြူပြီး ကော့ညွတ်နေမည်။ သင်္ကြန်ထမင်းချက်ပြုတ်ရန် အရင်ဦးဆုံး ဆန်ကို သန့်ရှင်းနေအောင် ဆေးကြောပြီး ရေများများဖြင့် ထမင်းစေ့ကွဲသွားသည်အထိ နူးသည်အထိ ချက်ပြုတ်ရသည်။ ရေများများဖြင့် တည်နိုင်လေ ရလာသည့်ထမင်းက လှပြီး အရသာ ပိုရှိလေ ဖြစ်သည်။ အကယ်၍ ရေနည်းသွားလျှင် ထမင်းမှာ ဆန်ပြုတ်ကဲ့သို့ ဖြစ်သွားတတ်ပြီး ရေဆေးလိုက်လျှင် ထမင်းအလုံးလိုက် မရတော့သည့်အတွက် စားသည့်အခါ အမြင်လည်း မလှသလို အရသာလည်း မရှိတော့ပေ။
ပြုတ်ပြီးလျှင် နူးအိပြီးစေးနေသော ထမင်းကို ရေသန့်အေးအေးဖြင့် ထပ်ခါထပ်ခါ ဆေးရသည်။ ဆေးသည့်အခါတွင်လည်း ထမင်းလုံးများ ပုံစံမပျက်စေရန် အသာအယာ ဆေးရပါသည်။ ရေကြည်ပြီး ရေထဲတွင် ထမင်းလုံးများ အလုံးလိုက် မြင်ရသည့်အနေအထားဆိုလျှင် ထမင်းကို ဆန်ခါဖြင့် စစ်ထားရသည်။ တချို့က ရေစစ်ထားသည့် ထမင်းပေါ်တွင် ရေခဲအတုံးလိုက် တင်ထားကြလေ့ရှိသလို တချို့ကလည်း စားသည့်အချိန်တွင်မှ ရေခဲရေလောင်းထည့်ပြီး စားကြသည်လည်း ရှိသည်။
ဖယောင်းရနံ့
မွန်ရိုးရာစစ်စစ် သင်္ကြန်ထမင်း၏ ထူးခြားချက်မှာ ဖယောင်းရနံ့ ဖြစ်သည်။ ဖယောင်းတိုင် သို့မဟုတ် ဖယောင်းဖတ်ကို ပန်းကန်ပြားတွင်ထည့်၍ မီးစအနည်းငယ်ဖြင့် အပူပေးရသည်။ ဖယောင်ဖတ်များ အရည်ပျော်ပြီး အငွေ့များ တက်လာသည့်အခါ အိုး သို့မဟုတ် ရေထည့်၍ရသော ပစ္စည်းတစ်ခုခုဖြင့် ပန်းကန်ပြားပေါ်အုပ်ကာ ဖယောင်းငွေ့များကို စုယူရသည်။ ရရှိလာသော ဖယောင်းငွေ့ကို ဖုံးအုပ်ထားရသည်။ ယင်းနောက် သန့်စင်သောရေကို ဖယောင်းရနံ့အုပ်ထားသည့် အိုးထဲသို့ လောင်းထည့်၍ အဖုံးပြန်အုပ်ထားလိုက်လျှင် ဖယောင်းရနံ့သင့်းသည့် ရေကို ရရှိမည်ဖြစ်သည်။ ဤသည်မှာ မွန်လူမျိုးတို့၏ သီးသန့်အတတ်ပညာပင် ဖြစ်သည်။ ဖယောင်းရနံ့သင်းနေသည့်ရေကို ဖြူဖွေးကော့ညွတ်နေအောင် ချက်ထားပြီး ရေခဲစိမ်ထားသည့် ထမင်းထဲသို့ လောင်းထည့် စားရသည့်အရသာမှာ တမူထူးခြားပါသည်။
သင်္ကြန်ကြော်
သင်္ကြန်ထမင်းကို ပြီးပြည့်စုံသည့် အရသာ ရရှိစေရန်အတွက် သင်္ကြန်ကြော်ကလည်း မရှိမဖြစ်ပေ။ သင်္ကြန်ကြော်မှာလည်း နေရာဒေသနှင့် တစ်ဦးချင်းစီ၏ အကြိုက်အပေါ်မူတည်၍ အမျိုးမျိုးကွဲပြားပါသည်။ မွန်လူမျိုးများက သင်္ကြန်ကြော်ကို သင်္ကြန်ကာလတွင် ငွေကုန်ကြေးကျသက်သာသည့်အပြင် လွယ်ကူပေါများစွာ ရရှိနိုင်သည့် သရက်သီးနှင့် ငါးခြောက်ကြော်တို့ဖြင့် ပြုလုပ်လေ့ရှိကြသည်။
သင်္ကြန်ကြော်တွင် ပါဝင်သည့် ပစ္စည်းများက ရိုးရှင်းပါသည်။ သရက်သီး၊ ငါးခြောက်နှင့် ကြက်သွန်နီတို့သာ ဖြစ်သည်။ သို့သော် ငါးခြောက်ကောင်းဖို့က အရေးကြီးသည်။ အသားများ၍ ဆားမငန်သော ငါးခြောက်ကို အသုံးပြုကြသည်။
အရင်ဦးဆုံး ငါးခြောက်ကို ပြုတ်ရသည်။ ရလာသည့် ငါးခြောက်ပြုတ်ကို အရိုးဖယ်ပြီး ညက်နေအောင် ထောင်းထားရသည်။ သရက်သီးကိုလည်း အခွံခွာ အသင့်ခြစ်ထားရပြီး ကြက်သွန်နီများကိုလည်း လေးစိတ် စိပ်ထားပြီး အလွှာလိုက် ခွာထားရသည်။ ပြီးလျှင် ဆီပူပူတွင် နနွင်းမှုန့်နှင့် ကြက်သွန်နီစိတို့ကို ထည့်ကာ ကြက်သွန်နီ အနည်းငယ် နွမ်းလာသည်အထိ ဆီသတ်ပေးရသည်။ ပြီးလျှင် ထောင်းထားသည့် ငါးခြောက်နှင့် ခြစ်ထားသည့် သရက်သီးတို့ကို ထည့်၍ကြော်ရသည်။ သရက်သီးများ နွမ်းသွားပြီး အနည်းငယ်ခြောက်လာသည့် အနေအထားဆိုလျှင် သင်္ကြန်ကြော်ကလည်း အဆင်သင့်ဖြစ်နေပါပြီ။ သင်္ကြန်ထမင်းနှင့် တွဲစားရန် ငရုပ်သီးခြောက်တောင့်များကိုလည်း ကြွပ်ကြွပ်ကြော်ထားရသည်။
သင်္ကြန်ထမင်းဝိုင်းက ရိုးရှင်းပါသည်။ ထမင်းစားပွဲပေါ်တွင် ရေခဲစိမ်သင်္ကြန်ထမင်း၊ ဖယောင်းရနံ့သင်းနေသည့် ရေ၊ သင်္ကြန်ကြော်နှင့် ငရုပ်သီးတောင့်ကြော်များသာ။ ဖွယ်ဖွယ်ရာရာ မဟုတ်သော်လည်း တမူထူးခြားပြီး အရသာရှိလှသည်။
သင်္ကြန်ထမင်းကို နယ်ဖတ်စားခြင်းမျိုးမဟုတ်ဘဲ ထမင်းတစ်ဇွန်း၊ သင်္ကြန်ကြော်တစ်ဇွန်း၊ ငရုပ်သီးတောင့်ကြော် တစ်ကိုက် သီးခြားစီ ခပ်စားရသည်။ ဖယောင်းနံ့သင်းသည့် ရေအေးအေးနှင့်အတူ ငါးခြောက်ကြော်၏ အချဉ်၊ အငန်အရသာ၊ ငရုပ်သီးကြော်၏ အစပ်အရသာတို့ ပေါင်းစပ်လိုက်သောအခါ နွေအပူကို မေ့လျော့သွားစေသည်။
ရိုးရာဓလေ့ လွှမ်းမိုးနေသော သင်္ကြန်ထမင်း
သင်္ကြန်ထမင်းကို ချက်ပြုတ်စားသောက်ရတာဟာ ကုန်ကျစရိတ်လည်း အင်မတန် သက်သာလှသည်။ ယခုလို အဘက်ဘက်က ခက်ခဲကျပ်တည်း၊ ကုန်စျေးနှုန်းများကလည်း မိုးပေါ်ပျံတက်နေသည့်ကာလတွင် ကုန်ကျစရိတ်သက်သာသည့် သင်္ကြန်ထမင်းမှာ တနေ့သာ ဝမ်းစာကို လုံလောက်စွာ ဖြေရှင်းနိုင်သည်။
သင်္ကြန်ထမင်းကို စားသုံးခြင်းအားဖြင့် ဘေးအန္တရာယ်ကင်းပြီး ကျန်းမာပျော်ရွှင်စေသည်ဟူသည့် ယုံကြည်မှုသည်လည်း ရှေးလူကြီးများမှသည် ယနေ့တိုင် မွန်လူမျိုးတွင် ကိန်းအောင်းနေသည်။
ခေတ်တွေ ဘယ်လိုပဲ ပြောင်းလဲလာပါစေ မွန်သင်္ကြန်ထမင်း၏ အေးမြမွှေးပျံ့သည့် အရသာကတော့ မပြောင်းလဲဘဲ တည်ရှိနေဆဲပင်။ ရိုးရာအစားအစာကို ထိန်းသိမ်းခြင်းသည် မွန်တို့၏ ယဉ်ကျေးမှု ဝိညာဉ်ကို ထိန်းသိမ်းခြင်းပင် ဖြစ်သည်။ အရသာခံရုံသက်သက်မဟုတ်ဘဲ မွန်တို့၏ ရိုးရာဓလေ့ပါ လွှမ်းမိုးနေသည့် သင်္ကြန်ထမင်းကို တစ်ကြိမ်တစ်ခါလောက် မြည်းစမ်းကြည့်ကြရန် တိုက်တွန်းလိုက်ပါသည်။







