တန်ခူးလရောက်လေတိုင်း သင်္ကြန်အငွေ့အသက်လေးတွေကို ရှာဖွေပြီး ကြိုတင်ရင်ခုန်တတ်တဲ့ သူတစ်ယောက်အတွက်တော့ ဒီရက်ပိုင်းတွေဟာ မျှော်လင့်ချက်တွေအစား မွန်းကျပ်မှုတွေကသာ ပိုကြီးစိုးနေပါတယ်။
ဘယ်ပင်ယံဆီမှာများ ရွှေဝါရောင်တွေ ဖူးပွင့်နေပြီလဲဆိုတဲ့ အတွေးနဲ့ ပျိုပျိုအိုအို ပိတောက်ပင်တွေကို မျှော်ငေးရှာကြည့်မိပေမဲ့ လှမ်းမမြင်နိုင်ရှာပါဘူး။ ဒီနှစ်တော့ ရွှေဝါရောင် ပိတောက်မင်းဟာ တူတူပုန်းတမ်း ကစားနေလေသလား ထင်ပါရဲ့။
ပင်ယံထက်ဆီက ရွှေရောင်ဝင်းတဲ့ ပန်းပိတောက်တွေကို အားရပါးရ မငေးမောရပေမဲ့ လမ်းသွားလမ်းလာ ခေတ်သမီးပျိုတွေရဲ့ ကေသာကြားမှာတော့ ရှားရှားပါးပါး ပန်ဆင်ထားတာကို တွေ့လိုက်ရလို့ တော်ပါသေးရဲ့လို့ ဖြေသိမ့်မိပါတယ်။ သူတို့လေးတွေရဲ့ ဆံနွယ်ထက်က ပိတောက်တစ်ပွင့်ဟာ မွန်းကျပ်နေတဲ့ စိတ်တွေအတွက် အသက်ရှူပေါက်လေးတစ်ခု ဖြစ်ခဲ့တာ အမှန်ပါပဲ။
သို့သော်လည်း အဲဒီအလှတရားနောက်ကွယ်မှာတော့ လေးလံတဲ့ သက်ပြင်းချသံတွေက အထပ်ထပ်ဆိုပါတော့။ ဖြတ်သန်းခဲ့ရတဲ့ နှစ်တွေထဲ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ၊ နာကျင်မှုတွေကို ပြန်လည်မြင်ယောင်လာမိတိုင်း ရင်ထဲမှာ ဆို့နင့်ပြီး စိတ်မကောင်းဖြစ်ခဲ့ရတာတွေ ထပ်နေပါပြီ။
မြန်မာတို့ရဲ့ အပျော်ရွှင်ဆုံး၊ အအေးမြဆုံးဆိုတဲ့ အတာသင်္ကြန်အချိန်အခါဟာ အခုတော့ ဆက်တိုက်ဆိုသလို ကြုံတွေ့လာခဲ့ရတဲ့ ကပ်ရောဂါ၊ နိုင်ငံရေးအကျပ်အတည်း၊ စစ်ပွဲနဲ့ သဘာဝဘေးအန္တရာယ်တွေကြားမှာ အပူသောကတွေသာ ဖုံးလွှမ်းနေခဲ့ပါပြီ။ သင်္ကြန်ဟာ ကျိန်စာတစ်ရပ်လို ဖြစ်နေပါပေါ့လားလို့ ခါးခါးသီးသီး တွေးမိပါတယ်။ အတိတ်ငါးနှစ်တာကို ပြန်ကြည့်လိုက်ရင် နွေဦးဟာ ဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာကိုး။
၂၀၂၀ ခုနှစ်မှာ ကိုဗစ်ကပ်ရောဂါကြီးကြောင့် လူစုလူဝေးရှောင်ကြရလို့ အိမ်ထဲပိတ်လှောင်ရင်း အတာရေကို စွန့်လွှတ်ခဲ့ရတယ် မဟုတ်လား။ ၂၀၂၁ ရောက်တော့ စစ်အာဏာသိမ်းမှုအောက်မှာ သွေးစွန်းခဲ့ရတဲ့ လမ်းမတွေထက် ပြည်သူတွေဟာ ရေမစိုသင်္ကြန်ကို ရွေးချယ်ပြီး အသက်စတေးကာ အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်။ ၂၀၂၃ မှာလည်း ပျော်ရွှင်ရမယ့် ထားဝယ်မြို့က မဏ္ဍပ်တွေနားမှာ ဗုံးပေါက်ကွဲသံတွေနဲ့အတူ ကြောက်လန့်တကြား ထိတ်လန့်စရာ နေရာတွေ ဖြစ်ခဲ့ရပြန်တယ်။
ဒဏ်ရာတွေ မကျက်သေးခင် ၂၀၂၄ ခုနှစ်မှာတော့ စစ်မှုထမ်းဥပဒေဆိုတဲ့ အရိပ်မည်းကြီးအောက်မှာ လူငယ်တွေဟာ အိမ်နဲ့ဝေးရာကို ရင်ကွဲပက်လက် စွန့်ခွာထွက်ပြေးခဲ့ရလို့ မိသားစုတွေရဲ့ မျက်ရည်တွေနဲ့ သင်္ကြန်ဟာ ရွှဲနစ်ခဲ့ရတယ်။ ၂၀၂၅ ခုနှစ် ရောက်ပြန်တော့လည်း စစ်ကိုင်းငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ အိုးအိမ်တွေ၊ ဘဝတွေနဲ့အတူ ပြည်သူတွေဟာ ဖုန်တလူးလူးနဲ့ ငိုကြွေးခဲ့ရပြန်ရော။
ယခုလက်ရှိ ၂၀၂၆ ခုနှစ်ကို ရောက်လာချိန်မှာလည်း အရှေ့အလယ်ပိုင်း စစ်ပွဲဂယက်နဲ့အတူ စက်သုံးဆီ ရှားပါးမှုဒဏ်ကို အလူးအလဲ ခံစားနေရဆဲပါ။ ပူပြင်းလှတဲ့ နေရောင်အောက်မှာ စက်သုံးဆီရဖို့ တိုးဝှေ့တန်းစီနေရလို့ ပြည်သူတွေရဲ့ မျက်နှာပေါ်မှာ အတာရေအစား ချွေးစက်တွေ၊ သောကတွေသာ စီးကျနေခဲ့ပါတယ်။ စက်သုံးဆီမရှိတော့လို့ ကမ်းကပ်လာတဲ့ ငါးဖမ်းလှေတွေ၊ မိုးထိအောင် စျေးထိုးတက်နေတဲ့ကြားထဲကမှ ထွန်ယက်စိုက်ပျိုးဖို့ စက်သုံးဆီ မရမက လိုက်ရှာနေရတဲ့ တောင်သူတွေ၊ တက်လာတဲ့ ကုန်စျေးနှုန်းတွေကြားမှာ ထမင်းနပ်မှန်ဖိုး ရုန်းကန်နေကြရတာတွေ…..။
ဒီလိုပူလောင်မှုတွေကြားထဲမှာပဲ ရင်မဆံ့နိုင်စရာ သတင်းဆိုးတစ်ခုက အတာရေမကျခင် အဆိပ်ရည်လို လာပက်ဖျန်းပြန်ပါတယ်။ ၂၀၂၁ နွေဦးကာလတုန်းက လက်နက်အားကိုးပြီး ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေကို အဓမ္မလုယူသွားတဲ့ စစ်အုပ်စုဟာ ငါးနှစ်ကျော်အကြာမှာတော့ စစ်ဖိနပ်ကိုချွတ်၊ ခေါင်းပေါင်းပေါင်းပြီး သူ့ကိုယ်သူ ရွေးချယ်ခံ အရပ်သားအစိုးရအသွင် ဟန်ဆောင်ကာ ဆက်အုပ်ချုပ်မလို့တဲ့။
နားခါးစရာ အဲဒီသတင်းကို သင်္ကြန်ကျဖို့ ရက်ပိုင်းအလိုမှာ ကြေညာသွားတာကို စက်သုံးဆီရဖို့ တန်းစီနေရင်းကနေ ကြားလိုက်ရတဲ့အခါ ရင်ထဲက ဒေါသနဲ့ နာကျင်မှုတွေဟာ ဖော်ပြစရာ စကားလုံးတောင် မရှိတော့ပါဘူး။ သရက်ချောင်းဘက်မှာတော့ လနဲ့ချီကြာ လေကြောင်းကနေ နေ့စဉ်နီးပါး ဗုံးကြဲနေလို့ သင်္ကြန်နားနီးတာတောင် ဗုံးခိုကျင်းတွေထဲက မထွက်နိုင်ကြရှာဘူး။ ဗုံးဒဏ်ကြောင့် ခိုလှုံစရာ အိမ်မရှိတော့ဘဲ ရွာပျက်ကြီးကသာ ကြိုဆိုနေလေရဲ့။ သူတို့အတွက် သင်္ကြန်ဟာ ဘယ်မှာ ပျော်စရာဖြစ်ပါတော့မလဲ။
ခေါင်းပေါင်းပြောင်းဆောင်းထားတဲ့စစ်အုပ်စုကတော့ သူတို့ ထိန်းချုပ်ထားနိုင်တဲ့ ထားဝယ်၊ မြိတ်နဲ့ ကော့သောင်းမြို့တွေမှာ သင်္ကြန်ကို နာမည်ကြီး အနုပညာရှင် သုံးဆယ်လောက်ကို ဖိတ်ပြီး အောင်ပွဲခံဖို့ လုပ်ကြပါလိမ့်မယ်။ ပြည်သူတွေအတွက်ကတော့ သင်္ကြန်နားနီးလာတိုင်း ကောင်းကျိုးမပေးတဲ့ အကြောင်းအရာတွေ၊ အနိဋ္ဌာရုံတွေချည်း ထပ်တလဲလဲပါပဲ။ ကြာလာတဲ့အခါ သင်္ကြန်ကျရမှာကိုတောင် ရင်ထဲကနေ လှိုက်ပြီး ကြောက်လာမိတယ်။
အိမ်မှာ ပြေးလွှားဆော့ကစားနေတဲ့ သားငယ်လေးရဲ့ မျက်နှာနဲ့ မိသားစုထဲကို ထပ်မံရောက်ရှိလာတော့မယ့် ရင်သွေးငယ်လေးအတွက် တွေးကြည့်မိတိုင်း ပိုပြီး ရင်မောရပါတယ်။ ဒီကလေးတွေ ကြီးပြင်းလာမယ့် အနာဂတ်မှာရော ဘယ်လိုနွေဦးမျိုးတွေ၊ ဘယ်လိုသင်္ကြန်မျိုးတွေနဲ့ ကြုံတွေ့ရဦးမလဲ။ နောက်နှစ်တွေဆိုရင်ရော သင်္ကြန်ခါနီးရင် သင်္ကြန်ရဲ့ အငွေ့အသက်တွေကို ငါ တကူးတက လိုက်ရှာဝံ့ပါဦးမလား။ ရွှေဝါရောင် ပိတောက်တွေ ပွင့်လာတာကိုကော ဝမ်းသာအားရ ကြိုဆိုနိုင်ပါဦးမလား။







