ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ပလောက်မြို့တွင် တိုက်ပွဲဖြစ်

April 11, 2026

ပုလောမြို့နယ်၊ ပလောက်မြို့ရှိ စစ်ကောင်စီတပ်ဂိတ်နှင့် စခန်းများကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် တိုက်ခိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ဧပြီလ ၇ ရက် နံနက်တွင် ပလောက်မြို့ရဲစခန်း၊ နန်းဂီလာလမ်းရှိ ပျူစောထီးဂိတ်ကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ ဂိတ်မီးလောင်သွားပြီး စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ဒဏ်ရာရသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ဒရုန်းနဲ့ ချလိုက်တာ အဆောင်တွေ မီးလောင်သွားပြီး လူတွေလည်း ဒဏ်ရာရသွားတယ်။ နှစ်ယောက်ထက်တော့ မနည်းဘူး” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

ယင်းနောက် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ နန်းဂီလာလမ်းအတိုင်း တက်လာစဉ် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲ မိနစ်အနည်းငယ်ကြာ ဖြစ်ခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူက ဆိုသည်။

“စစ်သားတွေနဲ့ ပျူတွေ အတူတူ တက်လာတာကြောင့် တိုက်ပွဲဖြစ်သွားတယ်။ လမ်းမှာပဲ နည်းနည်းပါးပါး ဖြစ်တယ်” ဟု အထက်ပါ နီးစပ်သူက ပြောသည်။

ပလောက်မြို့တွင် ပြီးခဲ့သည့်နှစ်မှစ၍ စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့အတွင်းတွင် လူအနည်းစုသာ နေထိုင်ကြကြောင်း ဒေသခံများက ဆိုသည်။

ဧပြီလ ၇ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပလောက်မြို့ဝန်းကျင်ကို စစ်အင်အား ဖြည့်တင်းထားကြောင်း တော်လှန်ရေးတပ်များက ဆိုသည်။