အာကာသစူးစမ်းလေ့လာရေးဆိုတာ အဓိပ္ပါယ်မရှိတဲ့ အလုပ်တစ်ခုဆိုတာ ကျွန်မအတွက်တော့ အထူးတလည် ရှင်းပြနေဖို့တောင် မလိုပါဘူး။ ကျွန်မတို့ နေထိုင်ရာ ဂြိုဟ်ကို ဒုက္ခပေးနေတဲ့ အကျပ်အတည်းတွေ ပိုအရေးတကြီးဖြစ်လာလေလေ အာကာသစူးစမ်းလေ့လာရေးဆိုတာက ပိုအဓိပ္ပါယ်မဲ့လာလေလေပါပဲ။
၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက အာကာသစူးစမ်းလေ့လာရေးအပေါ် လူတွေ ဘာကြောင့် စိတ်လှုပ်ရှားခဲ့ကြသလဲဆိုတာကို ကျွန်မ နားလည်နိုင်ပါတယ်။ အဲဒီအချိန်တုန်းက ကမ္ဘာကြီးဟာ ငယ်ရွယ်တက်ကြွနေခဲ့သလို အာကာသထဲမှာ အစိမ်းရောင်ဂြိုဟ်သားလေးတွေ ရှိနေနိုင်တယ်လို့ ကျွန်မတို့က ထင်ခဲ့ကြတာကိုး။
ဘယ်သူကများ သူတို့ကို မတွေ့ချင်ဘဲ နေမှာပါလိမ့်။
ဒါပေမဲ့ ၁၉၅၀ ပြည့်နှစ်မှာ ရူပဗေဒပညာရှင်အန်ရီကိုဖာမီ စတင်တင်ပြခဲ့တဲ့ “Where is everybody” ဆိုတဲ့ အယူအဆကိုပဲ ပညာရှင်အများစုက သဘောတူလက်ခံထားကြပါတယ်။
တကယ်လို့ အာကာသထဲမှာ အသိဉာဏ်ရှိတဲ့ သက်ရှိတွေ ရှိနေမယ်ဆိုရင် သူတို့က ဘာလို့ ကျွန်မတို့ဆီ ဆက်သွယ်ဖို့ မကြိုးစားကြတာလဲ။
အကြောင်းကတော့ အဲဒါတွေ ရှိကိုရှိမနေလို့ပါပဲ။
ကျွန်မတို့ နေထိုင်တဲ့ ကမ္ဘာမြေလောက် မလှပတဲ့ ဂြိုဟ်တွေကလွဲရင် အာကာသထဲမှာ တခြားဘာမှ ထူးထူးခြားခြား ရှိမနေပါဘူး။
ဒီအချက်တွေအားလုံးက အငြင်းပွားစရာ သိပ်မလိုတာမို့ ဒါကို ကျွန်မ သိပ်ပြီး ထည့်မပြောမိသလောက်ပါပဲ။ ဒါပေမဲ့ အခုနောက်ဆုံး လကမ္ဘာခရီးစဉ်လိုမျိုး အာကာသထဲကို အာကာသယာဉ်မှူးတွေ အဓိပ္ပါယ်မရှိ ထပ်သွားကြပြန်ပြီဆိုတဲ့အခါမှာတော့ ဒါကို ကျွန်မ ထည့်ပြောရပြန်တယ်။
ကျွန်မ သတိထားမိတာ ဘာလဲဆိုတော့ ဒါကိုပြောရင် လူတွေတကယ် စိတ်အနှောင့်အယှက် ဖြစ်ကြတာပဲရှင့်။ကျွန်မမှာ ဒီထက်ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အမြင်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ဘယ်အမြင်ကမှ ဒီအကြောင်းအရာလောက် ဒေါသတကြီး တုံ့ပြန်တာ မခံရဘူး။
လူတွေ စိတ်တိုကြတဲ့ အကြောင်းအရင်းတွေကလည်း တစ်ယောက်တစ်မျိုးစီပါပဲ။
တချို့က ကျွန်မဟာ ပျော်ပွဲရွှင်ပွဲတစ်ခုကို တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်လိုဖျက်ဆီး လုပ်နေတယ်လို့ ထင်ကြတယ်။
တချို့ကလည်း ကျွန်မဟာ ခေတ်မီဆန်းသစ်တီထွင်မှုတွေကို ဆန့်ကျင်နေသူတစ်ယောက်အတိုင်းပဲ။ တကယ်တော့ ကျွန်မက အဲဒီလိုလူစားမျိုး လုံးဝကို ဟုတ်မနေတာပါ။
အာကာသကို စူးစမ်းချင်စိတ်မရှိရင် မပေါ်ပေါက်လာနိုင်တဲ့ အလုံးစုံသော ရှာဖွေတွေ့ရှိမှု သဗ္ဗေ ဒစ္စကာဗာရီအပေါင်းကို သူတို့က ထောက်ပြကြတယ်။
ဒါပေမဲ့ အဲဒီရှာဖွေတွေ့ရှိမှုတွေထဲက အများစုဟာ တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်ရာမှာ ပိုကောင်းတဲ့ နည်းလမ်းတွေ ရှာတာမျိုးနဲ့ ပတ်သက်နေသလိုပဲ။
ဘယ်သူကမှ ကိုယ့်ရဲ့ မိုးကုပ်စက်ဝိုင်းကို ကျော်လွန်ပြီး ကြည့်လို့ မရတဲ့ ကျွန်မ နေထိုင်ချင်တဲ့ ကမ္ဘာမျိုးအတွက် သူတို့က ဝမ်းနည်းပူဆွေးပြကြသေးတယ်။
ကျွန်မဟာ အာကာယယာဉ်မှူးတွေကို ကြည့်မရတဲ့သူလို့ အချို့က ထင်ကြတယ်။
ဒါက တကယ်ကို မှားပါတယ်။ အာကာသယာဉ်မှူးတွေဆိုတာ တကယ်တော်တဲ့ လူတွေ ဖြစ်မှန်း ကျွန်မ သေချာပါတယ်။ သူတို့က တကယ်လည်း လူတော်လူကောင်းပုံစံထွက်နေတာပါ။
အာကာသစူးစမ်းလေ့လာရေးနဲ့ ပတ်သက်လို့ ကျွန်မရဲ့ စိတ်ဝိညာဉ်မှာ အနုပညာခံစားမှုမရှိလို့ ကျွန်မဟာ ငွေကြေးကုန်ကျမှုအပေါ် မကြည်မသာဖြစ်နေတဲ့ ကပ်စေးနှဲတစ်ယောက်လို့ အချို့က ထင်ကြပါတယ်။
အာကာသခရီးစဉ်ဆိုတဲ့ စွမ်းအင်အကျိုးမဲ့ဖြုန်းတီးမှုအပေါ် ညည်းညူနေရင်းနဲ့ ကျွန်မရဲ့ ကိုယ်ပိုင်စွမ်းအင်တွေပါ အတော်လေး ကုန်ခမ်းလာရတာကိုက ဝိရောဓိတစ်ခုပါပဲ။ မနှစ်မြို့စရာကောင်းတဲ့ ဝိရောဓိတစ်ခုပေါ့။ တကယ်ပါပဲ NASA ရယ်…။
ဒါတွေကို ရပ်လိုက်လို့ မရဘူးလား။ နိုင်ငံတွေအားလုံးထဲက အမေရိကန်ပြည်ထောင်စုလိုနိုင်ငံမျိုးမှာ စိုးရိမ်စရာ အခြားပြဿနာကြီးတွေ မရှိတော့ဘူးလား။
(The Guardian သတင်းစာ ပင်တိုင်ဆောင်းပါးရှင် Zoe Williams ၏ “Let’s stop going into space. There’s nothing to see and no one to talk to” ဆောင်းပါးကို မူရင်းအာဘော်မပျက် ဘာသာပြန်သည်)
စျာန်ဟိန်း







