သင်္ကြန်ကျရန် ရက်ပိုင်းအလို ယနေ့ ဧပြီလ ၁၁ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လောင်းလုံးမြို့ဘက်သို့ ဦးတည်ပြီး စစ်ကြောင်းထိုးလာကြောင်း ဒေသခံများက ပြောသည်။
ဧပြီလ ၁၀ ရက်က ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် အကောက်ခွန်ဦးစီးဌာနဘက်ခြမ်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ထိုကဲ့သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
ထိုနေ့က စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ဒုတိုင်းမှူး ဗိုလ်မှူးအောင်မျိုးထွန်း အပါအဝင် စစ်ကောင်စီခန့်ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများသည် အကောက်ခွန်ရုံးနှင့် မနီးမဝေးရှိ ဆိပ်ကမ်းသာ ဘောတံတားတွင် ငါးလွှတ်ပွဲပြုလုပ်နေခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“စကစဝန်ကြီးတွေ ကမ်းနားလမ်းမှာ ပွဲလုပ်နေကြတဲ့အချိန်မှာ သေနတ်ပစ်သံတွေ ထွက်လာတယ်။ အဲဒါပြီးမှာ နတလရုံးမှာ ထိုင်ထားတဲ့ အမြောက်တပ်ကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းထုသေးတယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။
အကောက်အခွန်ရုံးနှင့် ထားဝယ်မြစ်သာ ခြားသည့် လောင်းလုံးမြို့နယ် ဒေသခံတို့ကလည်း ထားဝယ်မြို့ ကြက်စားပြင် ရပ်ကွက်ဘက်တွင် နံနက် ၉ နာရီခန့်မှစပြီး မိနစ်သုံးဆယ်ခန့်ကြာ လက်နက်ကြီး၊ လက်နက်ငယ်များ တရစပ်ပစ်ခတ်သံ ကြားရကြောင်း ပြောဆိုသည်။
“မိနစ်သုံးဆယ်လောက် မနားတမ်းပစ်ပြီး ခဏရပ်သွားတယ်။ ပြီးတော့မှ နောက်ထပ်တစ်ခါ ပြန်ပစ်ကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထားဝယ်မြို့ပေါ် ပစ်ခတ်မှု အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ယင်းနေ့တွင်ပင် စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်းသည် ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် နေ့တစ်ဝက်တပ်စွဲပြီး ပြန်ဆုတ်သွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၆ နာရီခန့်တွင်လည်း စစ်ကောင်စီတပ်သည် စစ်ကြောင်းသုံးကြောင်းဖြင့် လောင်းလုံးမြို့ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ နံနက် ၈ နာရီကျော်အထိ ရရှိထားသည့် အချက်အလက်အရ စစ်ကောင်စီစစ်ကြောင်းသည် မင်းရပ်ကျေးရွာသို့ ရောက်ရှိနေသည်ဟု သိရသည်။
“မင်းရပ်ရွာထဲက လယ်ကွင်းတွေထဲမှာရော၊ ရွာထိပ်က နေအိမ်တွေထဲမှာပါ (စစ်ကောင်စီတပ်သားတွေ) ကင်းပုန်းဝပ်နေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ယင်းနည်းအတူပင် လောင်းလုံးမြို့ထဲတွင်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းကလည်း မြို့ပြင်ထွက်လာပြီး သဗျာကျေးရွာအနီးတွင် လှုပ်ရှားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။
စစ်ကောင်စီတပ်က ယင်းကဲ့သို့ စစ်ကြောင်းထိုးလာသဖြင့် သင်္ကြန်ကျခါနီးအချိန် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ဆိုသည်။