ထိုင်းအလံလွှင့်ထူထားသော ကုန်တင်သင်္ဘောတစ်စီးသည် ဟော်မုဇ်ရေလက်ကြားတွင် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
အိုမန်နိုင်ငံအနီး ရေလက်ကြားတွင် ထိုင်းအလံတင်ထားသော Mayuree Naree သင်္ဘောသည် နှစ်ကြိမ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
တိုက်ခိုက်ခံရမှုကြောင့် ကိုယ်ထည်နှင့် အင်ဂျင်အခန်း ပျက်စီး၍ မီးလောင်ခဲ့ကြောင်း ဖော်ပြသည်။
သင်္ဘောသား၂၀ ဦးကို အိုမန်ရေတပ်က ကယ်တင်ခဲ့ပြီး သုံးဦးမှာ သင်္ဘောပေါ်တွင် ကျန်ရှိခဲ့ကြောင်း ဖော်ပြသည်။
သင်္ဘောသား ၂၃ ဦးစလုံးသည် ထိုင်းနိုင်ငံသားများဖြစ်သည်။
သင်္ဘောသည် ယူအေအီးနိုင်ငံဆိပ်ကမ်းက ထွက်ခွာလာခဲ့ပြီး အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ရှိ ဆိပ်ကမ်းသို့ ထွက်ခွာလာစဉ် ယနေ့ ထိုင်းစံတော်ချိန် ၁၁ နာရီခန့်က ပစ်ခတ်ခံရခြင်းဖြစ်သည်။
လက်ရှိတွင် အသေးစိတ်အချက်အလက်နှင့် တိုက်ခိုက်ခံရမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဆိုသည်။
ကမ္ဘာ့အရေးအပါဆုံး ရေနံတင်ပို့သည့် လမ်းကြောင်းတစ်ခုဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ထားပြီး ဖြတ်သန်းသွားလာသည့် သင်္ဘောများကို တိုက်ခိုက်မည်ဖြစ်ကြောင်း မတ်လဆန်းက သတိပေးထားသည်။
Ref: Bangkok Post, Khaosod, REUTERS







