သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် အမှတ်(၈) ပြည်ထောင်စုကားလမ်းရှိ မင်းဒပ်ကျေးရွာကို စစ်အာဏာရှင်တပ်က ယနေ့ မတ်လ ၁၁ ရက်တွင် တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က ပြောသည်။
ယနေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် မင်းဒပ်ရွာအနီးကို K8W တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့်လည်း လှည့်ပတ်ပစ်ခတ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။
မွန်းလွဲ ၁ နာရီ ၁၇ မိနစ်မှာလည်း မင်းဒပ်ရွာအနီးဝန်းကျင်ကိုပင် K8W တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ပြီး စက်သေနတ်ဖြင့်ပါ ထပ်မံပစ်ခတ်ကြောင်း ၎င်းက ပြောဆိုသည်။
“မနေ့တုန်းက တိုက်ပွဲတွေပြန်ဖြစ်တယ်ပေါ့နော်၊ ကြိုကြားပြန်ဖြစ်တယ်။ မနေ့ညတုန်းက စစ်ကောင်စီ စစ်သင်္ဘောကလည်း လက်နက်ကြီးနဲ့ လှမ်းပစ်တာရှိတယ်။ တောက်လျှောက်က်လှမ်းပစ်တာရှိတယ်။ တိုက်ပွဲကတော့ ဂုံညှင်းဆိပ်တို့၊ ချောင်းဝပြင်၊ ဝင်းဝ တစ်ဝိုက်ပေါ့ဗျာ၊ အဲဒီဘက်မှာ ထိတွေ့မှုတွေ အဆက်မပြတ်ဖြစ်နေတာရှိတယ်ပေါ့နော်” ဟု စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
မင်းဒပ်ရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် လူနှင့် နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှု ရှိ မရှိ မသိရသေးကြောင်း ၎င်းက ဆိုသည်။
ဝင်းဝ အနီးဝန်းကျင်နှင့် မင်းဒပ်ရွာဘက်ကို လေယာဉ်ဖြင့် လာရောက် ဗုံးကြဲသွားပြီး အသေးစိတ်အခြေအနေကိုမူ မသိရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းရှိ ရွှေဂူတောင်တံတားစစ်ဆေးရေးဂိတ်၊ သရက်နှစ်ခွရွာ တံတား စစ်ဆေးရေးဂိတ်၊ သရက်ချောင်းမြို့မရဲစခန်း၊ ဝင်းဝတံတားစစ်ဆေးရေးဂိတ်နှင့် စစ်အာဏာရှင်တပ်၏ ခြေလျင်စစ်ကြောင်း များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်တို့ တိုက်ခိုက်နေသည်။
စစ်အာဏာရှင်တပ်ကလည်း ကြည်း၊ ရေ၊ လေဖြင့် ပြန်လည်တိုက်ခိုက်နေသည်။
သရက်ချောင်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်မှ ယနေ့ မတ်လ ၁၁ ရက်အထိ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးမှု၊ KNLAနှင့် ပူးပေါင်းတပ်များက ဝင်းဝစခန်းကို တိုက်ခိုက်မှုတို့ကြောင့် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်ရှိနေသည်။
အရပ်သားများကို စစ်အာဏာရှင်တပ်က ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက် သေဆုံးခြင်း၊ လူနေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းများ ထိခိုက်ပျက်စီးမှုများ၊ နေအိမ်မီးလောင်ပျက်စီးမှုများလည်း ရှိနေသည်။







