စစ်အုပ်စုနှင့် ပူးပေါင်းကာ တနင်္သာရီတိုင်းတွင် ပုလဲမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသော ကနေဒါနိုင်ငံသားလေးဦးအား အရေးယူပေးရန် Justice For Myanmar အဖွဲ့က ကနေဒါအစိုးရအား မတ်လ ၁၀ ရက်တွင် တောင်းဆိုလိုက်သည်။
ကနေဒါနိုင်ငံသား Pierre Hajjar အပါအဝင် မိသားစုဝင်လေးဦးသည် Belpearl ကုမ္ပဏီကွန်ရက်ကို ပိုင်ဆိုင်ပြီး တနင်္သာရီတိုင်းတွင် ပုလဲမွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။
အကျိုးတူလုပ်ရာမှ ရရှိသော ဝင်ငွေများသည် စစ်အုပ်စုက ပြည်သူများအား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကဲ့သို့သော ရာဇဝတ်မှုများအတွက် ဘဏ္ဍာငွေ ထောက်ပံ့ရာရောက်နေကြောင်း ဆိုသည်။
Hajjar မိသားစုနှင့် Belpearl ကုမ္ပဏီတို့သည် ကနေဒါနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ထားသည့် စစ်အုပ်စုအဖွဲ့အစည်းတစ်ခုနှင့် စီးပွားရေး လုပ်ကိုင်နေသည်မှာ လေးနှစ်ကျော်ကြာပြီဖြစ်ကြောင်း Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောဆိုထားသည်။
“ဒီလိုလုပ်ဆောင်ခြင်းဖြင့် သူတို့ဟာ ကလေးငယ်တွေကို သတ်ဖြတ်နေတဲ့၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို ဗုံးကြဲ တိုက်ခိုက်နေတဲ့၊ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို ဖျက်ဆီးနေတဲ့ တရားမဝင် စစ်အုပ်စုကို ဝင်ငွေရရှိစေဖို့ ထောက်ပံ့ ကူညီနေခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ကနေဒါနိုင်ငံသည် ၂၀၂၁ခုနှစ်တွင် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း (MPE) ကို ပိတ်ဆို့အရေးယူ ထားသော်လည်း ကနေဒါနိုင်ငံသား Pierre Hajjar မိသားစုဝင်တို့သည် ၂၀၂၆ ခုနှစ်အထိ Belpearl Myanmar တွင် ဒါရိုက်တာနှင့် ရှယ်ယာရှင်များအဖြစ် ဆက်လက်ပါဝင်နေကြောင်း Justice For Myanmar က ဆိုသည်။
ကနေဒါနိုင်ငံ ဥပဒေအရ ပိတ်ဆို့ထားသော အဖွဲ့အစည်းအား ငွေကြေးလွှဲပြောင်းခြင်း၊ ကူညီပံ့ပိုးခြင်း မှန်သမျှကို တားမြစ်ထားသဖြင့် Pierre Hajjar မိသားစုဝင်လေးဦးတို့၏ လုပ်ရပ်သည် ကနေဒါနိုင်ငံ ဥပဒေအား ချိုးဖောက်မှုမြောက်ကြောင်း ထောက်ပြထားသည်။
ကနေဒါနိုင်ငံသား Pierre Hajjar မိသားစုဝင်တို့သည် ကနေဒါအစိုးရ၏ အရေးယူခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ၎င်းတို့၏ ရှယ်ယာများကို ဩစတြေးလျနှင့် ပြင်သစ်နိုင်ငံသား စီးပွားရေးမိတ်ဖက်များထံ လွှဲပြောင်းပေးကြောင်းလည်း ဖော်ပြသည်။
ယင်းအတွက်ကြောင့် စစ်အုပ်စုကို ငွေကြေးထောက်ပံ့နေသည့် Belpearl ကုမ္ပဏီနှင့် ၎င်း၏ပိုင်ရှင်များကို ကနေဒါ အာဏာပိုင်များက အမြန်ဆုံးစုံစမ်းစစ်ဆေးရန်နှင့် အီးယူ၊ ဩစတြေးလျတို့အနေဖြင့်လည်း MPE ကို အမြန်ဆုံး ပိတ်ဆို့အရေးယူရန် Justice For Myanmar အဖွဲ့က တိုက်တွန်းထားသည်။
တနင်္သာရီတိုင်း မြိတ်ကျွန်းစုတွင် ပုလဲမွေးမြူရေးလုပ်ကွက်ပေါင်း ၁၂ ခုရှိပြီး စစ်အုပ်စုနှင့် အကျိုးတူဖက်စပ် ဆောင်ရွက် နေသည့် ပြည်ပကုမ္ပဏီ ၄ ခု၊ပြည်တွင်းကုမ္ပဏီ ၇ ခုနှင့် နိုင်ငံပိုင် မွေးမြူရေးစခန်း ၁ ခု ရှိကြောင်း MMGGA Initiative အဖွဲ့က ၂၀၂၃ ခုနှစ်က ထုတ်ပြန်သော အစီရင်ခံစာတွင် ပါရှိသည်။
MMGGA Initiative သည် ဒေသတွင်းလူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုအတွက် အစဥ်တစိုက် လုပ်ကိုင်နေသူများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပြီး ယင်းအဖွဲ့က ၂၀၂၃ ခုနှစ်တွင် အမေ့လျော့ခံ တန်ဖိုးများနှင့် မြိတ်ကျွန်းစုရှိ ပုလဲလုပ်ကွက်များ ခေါင်းစဥ်ဖြင့် အစီရင်ခံစာ တစ်စောင်ထုတ်ပြန်ခဲ့ဖူးသည်။
ထိုပုလဲမွေးမြူရေးလုပ်ငန်းများမှ နှစ်စဥ်မြန်မာကျပ်ငွေ ၁၆ ဘီလီယံကျော် စစ်ကောင်စီထံသို့ တိုက်ရိုက်စီးဆင်းလျက် ရှိနေပြီး လုပ်ကွက်အသစ်များလည်း ထပ်မံတိုးချဲ့လာနေကြောင်း MMGGA Initiative အဖွဲ့၏ အစီရင်ခံစာတွင် ပါရှိသည်။







