ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်တွင် ကုန်တင်ကုန်ချလုပ်သားလေးဦး ဖမ်းဆီးစစ်မှုထမ်းစုဆောင်းခံရ

March 11, 2026

ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့တွင် မတ်လ ၁၀ရက် နံနက်ပိုင်းက ကုန်တင်ကုန်ချအလုပ်သမား လူငယ်လေးဦးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးပြီး အဓမ္မစစ်မှုထမ်းစုဆောင်းကြောင်း မြိုခံအချို့နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်အသိုင်းဝိုင်းထံမှ စုံစမ်းသိရသည်။

ထားဝယ်မြို့အခြေစိုက် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုက ကုန်တင်ကုန်ချအလုပ်သမားများဖြစ်ပြီး ၎င်းတို့လေးဦးကို မတ်လ ၁၀ ရက် နံနက်ပိုင်းတွင် ထားဝယ်မြစ်ကူး ကမြောကင်းတံတားတွင် စစ်အာဏာရှင်တပ်၏ စစ်မှုထမ်းစုဆောင်းရေး အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း မြိုခံတစ်ဦးက ပြောသည်။

“လူငယ်လေးတွေချည်း လေးယောက်ပါသွားတယ်။ (ကုန်ကားဂိတ်က အလုပ်သမားတွေ) အားလုံးစိတ်ပျက်လက်ပျက် ဖြစ်နေကြတယ်” ဟု အထက်ပါမြို့ခံက ပြောဆိုသည်။

ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် ယခုသီတင်းပတ်အတွင်း စစ်မှုထမ်း စုဆောင်းခံရမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

မတ်လ ၄ ရက် ညနေပိုင်းကလည်း ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် စစ်မှုထမ်းစုဆောင်းရေးအဖွဲ့သည် လူငယ် ငါးဦးကို ဖမ်းဆီးပြီး အဓမ္မစစ်မှုထမ်း စုဆောင်းခဲ့သေးသည်။

မြို့ပေါ်ရပ်ကွက်တို့တွင်လည်း စစ်ကော်မရှင်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဆင့်ခေါ်စာပေးခြင်း၊ ညဘက်နေအိမ်တို့တွင် ဝင်ရောက်ဖမ်းဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။

“လောင်းလုံး (မြို့) ရဲစခန်းရှေ့မှာလည်း ဆွဲတယ်။ အခု မတ်လထဲ သုံးယောက်ရှိနေပြီ” ဟု လောင်းလုံးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခု မတ်လ ပထမ ဆယ်ရက်တာအတွင် ထားဝယ်ခရိုင်အတွင်း အဓမ္မစစ်မှုထမ်းအဖြစ် စုဆောင်းဖမ်းဆီးခံရသူ ဒေသခံလူငယ်နှင့် အခြားဒေသခံ လူငယ် စုစုပေါင်း ၁၆ ဦးထက်မနည်းရှိပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင်လည်း ထားဝယ်မြို့တွင် စစ်အာဏာရှင်တပ်က နည်းလမ်းမျိုးစုံဖြင့် စစ်မှုထမ်းစုဆောင်းခဲ့သည့် လူငယ် ၆၀ ဦးထက်မနည်းရှိကြောင်း Dawei Watch ၏ စုဆောင်းထားသည့် အချက်အလက်များအရ သိရသည်။