ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ် မတ်လ ၁၀ ရက်နေ့ ညနေပိုင်းက ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခံရကြောင်း လမ်းသွားလမ်းလာများနှင့် ဒေသခံများထံမှ သိရသည်။
မတ်လ ၇ ရက်ကလည်း အဆိုပါ စစ်ဆေးရေးဂိတ်မှာ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံခဲ့ရသဖြင့် မတ်လဆန်းအတွင်း၌ပင် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှု နှစ်ကြိမ်ရှိပြီဖြစ်သည်။
“ညနေ ၃ နာရီထိုးခါနီးမှာ ဒရုန်းနဲ့ ဗုံးချခံရတာ။ ဂိတ်ကို တစ်နာရီလောက် ပိတ်ထားလိုက်ပြီးမှ ပြန်ဖွင့်တယ်” ဟု အဆိုပါလမ်းပိုင်းကို အသုံးပြုနေသည့် ကားသမားတစ်ဦးက ပြောသည်။
ဒရုန်းဖြင့် ဗုံးချခံရမှုကြောင့် စစ်ဆေးရေးဂိတ်အတွင်း ထိခိုက်မှု ရှိ၊ မရှိကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။
ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်အာဏာရှင်တပ်က ထားဝယ်မြို့နယ်၊ ရှမ္မတွင်းကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ရွာသားများထံမှ သိရသည်။
“လက်နက်ကြီးနဲ့ နှစ်ကြိမ်ထုတယ်။ ရွာထဲတော့ မကျဘူး၊ ရွာဝန်းကျင်တွေမှာပဲ ကျတာ” ဟု ရှမ္မတွင်းကျေးရွာအုပ်စုမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ရှမ္မတွင်းကျေးရွာအုပ်စုသည် ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ် တည်ရှိရာ ကျောက်ရပ်ကျေးရွာအုပ်စုနှင့် ကပ်လျက်တည်ရှိသော ကျေးရွာအုပ်စုဖြစ်သည်။
ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်ကို မည်သည့်အဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဆိုခြင်းကိုမူ လက်ရှိအချိန်အထိ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ပေါက်တိုင်းတံတားသည် မြိတ်-ထားဝယ် ကားလမ်းပေါ်တွင် တည်ရှိပြီး တံတား၏တစ်ဖက်တွင် မြို့ဝင်ကြေးကောက်ခံသည့်ဂိတ်ရှိကာ အခြားတစ်ဖက်တွင် စစ်အာဏာရှင်တပ်သားများနှင့် ပျူစောထီးများ နေရာယူထားသည့် စစ်ဆေးရေးဂိတ် တည်ရှိသည်။






