နိုင်ငံအတွင်း ဖြန့်ကျက်ထားသည့် စစ်လက်နက်ပစ္စည်းများကို အမေရိကန်က ပြန်လည်နေရာရွှေ့ပြောင်းဖြန့်ကျက်မှုကို ၎င်းတို့ မတားဆီးနိုင်ကြောင်း တောင်ကိုရီးယားသမ္မတအီဂျယ်မြောင်းက မတ်လ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။
တောင်ကိုရီးယားမှ အမေရိကန်၏ Patriot မစ်ဆိုင်းဒုံးကာကွယ်ရေးစနစ်များကို အရှေ့အလယ်ပိုင်းသို့ ပို့ဆောင်နေကြောင်း သတင်းထွက်လာပြီးနောက် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
တောင်ကိုရီးယားမှ အမေရိကန်၏ အဓိကစစ်အင်အားကို ပြောင်းရွှေ့နေသည်ဆိုသည့် သတင်းကြောင့် တရုတ်နှင့် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုမှ ဟန့်တားရန် အာရှဒေသတွင်းကာကွယ်ရေးတွင် ဟာကွက် ဖြစ်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာသည်။
“တောင်ကိုရီးယားအခြေစိုက် အမေရိကန်တပ်ဖွဲ့တွေက အမြောက်တပ်ရင်းတွေနဲ့ လေကြောင်းရန်ကာကွယ်ရေးလက်နက်လိုမျိုး စစ်လက်နက်ပစ္စည်းအချို့ကို တောင်ကိုရီးနိုင်ငံပြင်ပကို ပို့ဆောင်နေတာနဲ့ ပတ်သက်ပြီး မကြာသေးခင်က အငြင်းပွားမှုတွေ ရှိနေပုံရပါတယ်” ဟု သမ္မတအီဂျယ်မြောင်းက အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ယင်းနှင့် ပတ်သက်၍ တောင်ကိုရီးယားအစိုးရဘက်က မနှစ်မြို့မှုကို ဖော်ပြခဲ့သော်လည်း တောင်းဆိုမှု ပြုလုပ်နိုင်သည့် အနေအထားတွင် မရှိကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
သို့ရာတွင် တောင်ကိုရီးယားမှ အမေရိကန်စစ်လက်နက်ပစ္စည်းအချို့ ဖယ်ရှားလိုက်ခြင်းက မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုအန္တရာယ်မှ ဟန့်တားရေးမဟာဗျူဟာကို အနှောင့်အယှက်မဖြစ်စေကြောင်း သမ္မတအီဂျယ်မြောင်းက အခိုင်အမာ ပြောကြားခဲ့သည်။
တောင်ကိုရီးယား၏ ကာကွယ်ရေးအသုံးစရိတ်နှင့် စစ်ရေးစွမ်းဆောင်ရည်သည် မြောက်ကိုရီးယားထက် များစွာသာလွန်ကြောင်း ၎င်းက ထောက်ပြပြောဆိုခဲ့သည်။
အဏုမြူလက်နက်ပိုင် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုမှ ပူးပေါင်းကာကွယ်ရန် တောင်ကိုရီးယားတွင် အမေရိကန်တပ်ဖွဲ့ဝင် ၂၈,၅၀၀ ခန့်နှင့် Patriot မစ်ဆိုင်းဒုံးကာကွယ်ရေးစနစ်အပါအဝင် မြေပြင်မှ ဝေဟင်ပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဖြန့်ကျက်ချထားသည်။
လက်ရှိဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်းပဋိပက္ခတွင် အသုံးပြုရန်အတွက် အမေရိကန်၏ Patriot မစ်ဆိုင်းဒုံးကာကွယ်ရေးစနစ်အချို့ကို တောင်ကိုရီးယားမှ ရွှေ့ပြောင်းပို့ဆောင်မှုနှင့် ပတ်သက်၍ အမေရိကန်နှင့် တောင်ကိုရီးယားစစ်ဘက်ပုဂ္ဂိုလ်များ ဆွေးနွေးနေကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းက သောကြာနေ့တွင် ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ ၊ အိုဆန်လေတပ်အခြေစိုက်စခန်းမှ အမြောက်တပ်ရင်းအချို့ကို ပို့ဆောင်ပြီးဖြစ်ကာ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စုရှိ အမေရိကန်စစ်အခြေစိုက်စခန်းများသို့ ပြောင်းရွှေ့နေရာချထားဖွယ်ရှိကြောင်း တောင်ကိုရီးယားမီဒီယာများက ဖော်ပြသည်။
သို့ရာတွင် တောင်ကိုရီးယားအာဏာပိုင်များက အဆိုပါသတင်းများကို အတည်ပြုခြင်း မရှိပေ။
Source: The Japan Times







