ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်က ရွာနှစ်ရွာတွင် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

March 11, 2026

မြိတ်မြို့နယ်၊ တပ်တောင်နှင့် ပလုံးရွာတို့တွင် ဒေသခံနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

တပ်တောင်ရွာက အမျိုးသားတစ်ဦးသည် မတ်လ ၉ရက် နံနက်က နေအိမ်သို့ပြန်လာပြီး ဝက်စာကျွေးနေစဉ် အရပ်ဝတ်ဖြင့် လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

တပ်တောင်ရွာကို စစ်အာဏာရှင်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစတင်ကာ ရွာဝန်းကျင်တွင် ပြောင်းရွေ့နေထိုင်ကြပြီး အကြောင်းကိစ္စရှိမှသာ ရွာသို့ခေတ္တ ပြန်လာလေ့ရှိကြောင်း ဒေသခံများက ဆိုသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသည့် တပ်တောင်ရွာသားသည် အသက် ၄၀ ဝန်းကျင်ရှိပြီး မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခံရသည်ကိုမူ မသိရသေးကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။

“သူ့အိမ်က ဘုန်းကြီးကျောင်းအောက်မှာ (ကျောင်းနံဘေး) နေတယ်။ အခုက အိမ်မှာဝက်စာသွားကျွေးတုန်း ပစ်သတ် ခံရတယ်။ သူပစ်သတ်ခံရပြီး ရဲတွေလာကြည့်တယ်။ ပြီးတော့ စစ်သားတွေ လာကြည့်တယ်” ဟု ၎င်းက ပြောသည်။

တပ်တောင်ကျေးရွာသည် တောင်ရှည်ကျေးရွာအုပ်စုတွင် ပါဝင်ပြီး တောင်ရှည်ရွာတွင် စစ်အာဏရှင်တပ် လက်အောက်ခံ ရဲစခန်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၉ရက် ညပိုင်းတွင် တညက်ကျေးရွာအုပ်စု၊ ပလုံးရွာတွင်လည်း အမျိုးသားတစ်ဦး နဖူးတွင် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိကြောင်း ဒေသခံအချို့က ဆိုသည်။

နေအိမ် နံဘေးတွင် သေဆုံးနေခြင်းဖြစ်ပြီး မွန်းလွဲပိုင်းတွင် ပစ်ခတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

အဆိုပါအမျိုးသားမှာ မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကိုမူ မသိရသေးကြောင်း ၎င်းက ပြောသည်။