ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီဒေသရှိ ပြည်သူ့အခြေပြုကျောင်းများအတွက် ပညာမီးအိမ်ကမ်ပိန်းပြုလုပ်

March 11, 2025

ပုံစာ - Spring Edu Garden ၏ စာသင်ခန်းတစ်ခန်းအား မြင်တွေ့ရစဥ်။

တနင်္သာရီဒေသရှိ ပြည်သူ့အခြေပြုကျောင်းများတွင် အခြေခံပညာသင်ယူပြီးနောက် အဆင်မြင့်ပညာရေးသင်ယူနိုင်ရန် အကူအညီလိုအပ်နေသော ကျောင်းသား၊ ကျောင်းသူများအတွက်ရည်ရွယ်၍ “ပညာမီးအိမ်” အမည်ဖြင့် ရန်ပုံငွေရှာဖွေရေး ကမ်ပိန်းကို မတ်လ ၉ ရက်က စတင်ပြုလုပ်နေကြောင်း ကမ်ပိန်းဦးဆောင်သူများထံမှ သိရသည်။

ပညာမီးအိမ်ကမ်ပိန်းကို Spring Edu Garden သင်ကြားရေးစင်တာနှင့် တနင်္သာရီမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသ) တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ကမ်ပိန်းကာလကို မတ်လ ၉ ရက်မှ ဧပြီလ ၁၂ ရက်အထိ ရက်သတ္တပတ် ငါးပတ်ကြာပြုလုပ်မည်ဖြစ်ပြီး ရန်ပုံငွေ ကျပ်သိန်းငါးရာခန့် ရရှိနိုင်ရန်လျာထားကြောင်း ကမ်ပိန်းဆောင်ရွက်သူများက ပြောသည်။

တနင်္သာရီမြို့နယ် ကျောင်းသားများသမဂ္ဂ၏ လူမှုကွန်ရက်စာမျက်နှာမှ တိုက်ရိုက်ဆက်သွယ်၍ ကံစမ်းမဲ တစ်စောင်လျှင် မြန်မာကျပ်ငွေ ၅၀၀၀ ကျပ် သို့မဟုတ် ထိုင်းဘတ်ငွေ ၅၀ ဘတ်ဖြင့် ဝယ်ယူ၍ ပါဝင်နိုင်ကြောင်း ဆိုသည်။

ကမ်းပိန်းကာလ ပြီးဆုံးပါက ကံစမ်းမဲများကို မဲနှိုက်၍ ဆိုင်ကယ်၊ ကွန်ပျူတာနှင့် စက်ဘီး စသည့် ဆုမဲများကို မဲဖောက်ပေးမည်ဖြစ်ကြောင်း ကမ်ပိန်းဦးဆောင်သူတစ်ဦးက ပြောဆိုသည်။

ရရှိသည့် ရန်ပုံငွေကို Spring Edu Garden သင်ကြားရေးစင်တာအပြင် တနင်္သာရီဒေသရှိ ပြည်သူ့ အခြေပြု ကျောင်းများအား ကူညီထောက်ပံ့ပေးနိုင်ရန် စီစဥ်ထားကြောင်း Spring Edu Garden သင်ကြားရေးစင်တာ တာဝန်ခံ ကိုဇင်ယော်က ပြောသည်။

မြေပြင်ရှိ ပြည်သူ့အခြေပြုကျောင်းများအနေဖြင့် ပညာရေးသင်ထောက်ကူစရိတ်များအပြင် စစ်ကောင်စီ၏ လေကြောင်း အန္တရာယ်ကာကွယ်နိုင်ရေး ဗုံးခိုကျင်း စသည့် အကာကွယ်များ ဆောင်ရွက်ရန်အတွက်ပါ ရန်ပုံငွေ အခက်အခဲရှိကြောင်း ကိုဇင်ယော်က ဆိုသည်။

“NUG ဆီက အထောက်အပံ့ကိုတော့ ဂုဏ်ယူစွာနဲ့ လက်ခံရရှိတာမျိုးရှိတယ်။ ဒါပေမဲ့ မလောက်ငဘူး။ အခက်အခဲပေါင်း များစွာကို ပြည်သူ့အားနဲ့ပဲ ဖြေရှင်းနေပါတယ်” ဟု ၎င်းက ပြောဆိုသည်။

Spring Edu Garden သင်ကြားရေး စင်တာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ သင်ရိုးဖြင့် သင်ကြားနေသည့် အခြေခံပညာ ကျောင်းသားဦးရေ လေးရာခန့်၊ အဆင့်မြင့်တက္ကသိုလ်ပညာရေးနှင့် သူနာပြု ဒီပလိုမာ သင်တန်းများ တက်ရောက်နေသည့် ကျောင်းသား ၃ဝ ခန့်ရှိကြောင်း ယင်းသင်ကြားရေးစင်တာထံမှ သိရသည်။