ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပုလော သရက်တပင်ရွာက အရပ်သားတစ်ဦးကို KNLA တပ်ရင်း (၁၂) အောက်ရှိ တပ်ခွဲတစ်ခုက ဖမ်းဆီးသတ်ဖြတ်

February 11, 2026

ပုလောမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ သရက်တပင်ကျေးရွာက အရပ်သားတစ်ဦးကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း (၁၂) ၊ တပ်ခွဲ (၃) ၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ဆင်ထိုးကြီးရွာတွင် ဖေဖော်ဝါရီလ ၂ ရက်က နေအိမ်များ မီးလောင်မှုနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုကြောင့် သရက်တပင် ရွာသား အသက် ၅၂ နှစ်အရွယ် ဦးဇော်သိန်း (ခေါ်) ဦးစစ်စစ် ကို KNLA တပ်ရင်း (၁၂) တပ်ခွဲ (၃) လက်အောက်ခံ တပ်ဖွဲ့ဝင် များက ဖမ်းဆီးခဲ့ကြောင်း ဆွေမျိုးတော်စပ်သူနှင့် ဒေသခံအချို့က ဆိုသည်။

ဆင်ထိုးကြီးကျေးရွာက ဒေသခံများသည် ကျောက်လုံးကြီးကျေးရွာအုပ်စုရှိ ကျေးရွာများတွင် စစ်ဘေးရှောင်နေကြသည်။ ဖေဖော်ဝါရီလ ၂ရက်က ဆင်ထိုးကြီးရွာတွင် မီးလောင်ရာ ဆင်ထိုးကြီးရွာသားများ ရွာသို့ပြန်ပြီး သွားရောက် မီးငြှိမ်းသတ်ရာတွင် ဦးစစ်စစ်လည်း လိုက်ပါခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုချိန် KNLA တပ်ဖွဲ့ဝင်များက ကြားသွားကာ ဒေသခံများရှေ့တွင် ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သည် ဆင်ထိုးကြီးရွာ ဒေသခံတစ်ဦးက ပြောသည်။

“ရွာမှာ မီးလောင်နေချိန် သူရောက်လာတယ်။ အိမ်တွေ မီးလောင်နေတာကိုမြင်တော့ ဟိုတစ်ဖက်က အိမ်တွေ ကိုပါ ရှို့လိုက်ပါလား ဘာမှလည်း မထူးတော့ဘူး ဘာညာဆိုပြီးပြောတယ်။ အဲ့ဒါကို ဟိုလူတွေ (KNLA) က ကြားသွားတယ်၊ သူတို့ရှေ့မှာပဲ ပြောတာ၊ အဲဒါနဲ့ဖမ်းသွားတာ” ဟု ၎င်းက ပြောဆိုသည်။

ယင်းသို့ ဖမ်းဆီးသွားပြီးနောက် ဒေသခံအချို့က သွားရောက်တွေ့ဆုံခွင့်တောင်းပြီး အာမခံဖြင့် ပြန်လည်ခေါ်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း တွေ့ခွင့်မပေးကြောင်း အထက်ပါဒေသခံက ဆိုသည်။

“၃ ရက်ကြာတော့ သေပြီလို့ပြောတယ်တဲ့။ ဖမ်းထားချိန် ထွက်ပြေးလို့ ပစ်တာလို့ ပြောတယ်။ ဘယ်သူမှ မမြင်တာ သူတို့ပြောတဲ့အတိုင်းပေါ့လေ” ဟု ၎င်းက ပြောသည်။

ဦးစစ်စစ်နှင့် ဆွေမျိုးတော်စပ်သည့် အမျိုးသားတစ်ဦးကလည်း ဆင်ထိုးကြီးရွာတွင် နေအိမ်မီးလောင်မှုနှင့် ပတ်သက်၍ ဝေဖန်သောကြောင့် KNLA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“အိမ်တွေလည်း မီးလောင်ကုန်ပြီ၊ လူတွေလည်း ခြေထောက်ပြတ်ကုန်ပြီ။ ဒီလောက်တောင်ဖြစ်တာ ဟိုဘက်ခြမ်းက အိမ်တွေပါ ရှို့လိုက်ပါတော့လား၊ ဒါမှရွာမှာ ထောင်ထားတဲ့ မိုင်းတွေလည်း အကုန်လုံးပေါက်ကွဲကုန်ပြီး လူတွေ ပြန်ဝင် နေလို့ရမှာဆိုပြီးသူက ပြောတယ်၊ အဲ့ဒါကို ကြားပြီးဖမ်းသွားတာ” ဟု အထက်ပါအမျိုးသားက ပြောသည်။

ဦးစစ်စစ်နှင့် ပတ်သက်၍ မိသားစုက သွားရောက်မေးမြန်းရာ သေဆုံးသွားပြီဟု KNLA တပ်ဖွဲ့ဝင်များက ပြောဆိုခဲ့ပြီး ရုပ်အလောင်းကိုလည်း ပြန်မပေးသဖြင့် သင်္ဂြိုဟ်ခွင့်မရဘဲ အိမ်တွင် အလှူပေးခြင်းသာ လုပ်ခဲ့ရကြောင်း ၎င်းက ဆိုသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၂) တပ်ရင်းမှူးနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားတို့ကို ဖေဖော်ဝါရီလ ၁၀ ရက်တွင် စာဖြင့် ဆက်သွယ်မေးမြန်းထားသော်လည်း ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဆင်ထိုးကြီးရွာတွင် နှစ်ဖက်တိုက်ပွဲများကြောင့်၂၀၂၄ ခုနှစ် ဩဂုတ်လမှစတင်ကာ ဒေသခံများ ရွာလုံးကျွတ် စစ်ဘေးရှောင် နေကြရပြီး တိုက်ပွဲများဖြစ်ပြီးနောက် ရွာတွင် KNLA တပ်ခွဲ(၃) က တပ်ဖွဲ့ဝင်များသာ ရှိကြောင်း ဒေသခံများထံမှသည်။

လက်ရှိတွင်လည်း နေအိမ်ခြံဝန်း အပါအဝင် ရွာထဲနှင့် အနီးဝန်းကျင်တွင် မြေမြှုပ်မိုင်း နင်းမိသည့်ဖြစ်စဉ်များ ဆက်တိုက် ရှိနေသဖြင့် ဆင်ထိုးကြီး ဒေသခံအများစုမှာ ရွာတွင် မနေထိုင်ရဲကြကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသို့ ရွာတွင် လူမရှိချိန် ဇန်နဝါရီလ ၁၂ ရက်နှင့် ဖေဖော်ဝါရီလ ၂ ရက်တို့တွင် နေအိမ်များ မီးလောင်ကျွမ်းခဲ့သည်။

၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ဆင်ထိုးကြီးရွာတွင် မြေမြှုပ်မိုင်းနင်းမိသူ ၁၇ ဦး ရှိခဲ့သည်။