ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်အဝင် သဲချောင်းကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဖေဖော်ဝါရီလ ၁၀ ရက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း စုံစမ်းသိရသည်။
သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် ကားလမ်းပေါ်ရှိ ဝင်းဝစခန်းမှ အင်အားတစ်ရာကျော်ပါသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာစဉ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်တို့နှင့် ယမန်နေ့ နေ့လယ် ၁၂နာရီခွဲတွင် တိုက်ပွဲဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
တိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးသူ တစ်ဆယ်ကျော်ရှိခဲ့ပြီး လက်နက်ခဲယမ်းဆယ်ချီကိုလည်း ပူးပေါင်းတပ်ဘက်က သိမ်းဆည်းရကြောင်း ၎င်းက ဆိုသည်။
တော်လှန်ရေး ပူးပေါင်းတပ်ဘက်ကလည်း ဒဏ်ရာရသူ အနည်းငယ်ရှိပြီး မစိုးရိမ်ရကြောင်း အထက်ပါ တော်လှန်ရေးတပ်နှင့်နီးစပ်သည့် အထက်ပါ သတင်းအရင်းအမြစ်က ပြောဆိုသည်။
တိုက်ပွဲပြင်းထန်ပြီးနောက် ညနေ ၅နာရီခွဲခန့်တွင် သဲချောင်းကြီးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့သလို ည ၁၁ နာရီခန့်တွင် လည်း ထားဝယ် ပင်လယ်ဝတွင် ကျောက်ချထားသည့် စစ်သင်္ဘောက ရငဲ၊ ကမြိုင်၊ ဝဲရစ်စသည့် ကျေးရွာများဘက်ကို လက်နက်ကြီးဖြင့် ၁၁ ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“စကမ ဘက်မှ ထိခိုက်မှုများပြားတဲ့အတွက် Jet ဖိုက်တာဖြင့် ဗုံးလာကြဲတိုက်ခိုက်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်၍ KNLA တပ်ရင်း(၁၂) တပ်ရင်းမှူးထံ Dawei Watch က ထပ်မံမေးမြန်းထားဆဲ ဖြစ်သည်။
လက်ရှိအခြေအနေတွင် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် သဲချောင်းကြီးရွာဘက်မှ အမှတ် (၈) ပြည်ထောင်စု ကားလမ်း ဘက်သို့ ပြန်လည်ဆုတ်ခွာသွားပြီး သရက်ချောင်းမြို့နယ်အောက်ဘက်ခြမ်း မြိတ်-ထားဝယ် ကားလမ်းတစ်လျှောက်တွင် စစ်အင်အား ၂၀၀ ခန့်ဖြင့် တပ်ဖြန့်ထားကြောင်း စုံစမ်းသိရသည်။







