ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဂါဇာသို့ တပ်ဖွဲ့ဝင် ရှစ်ထောင်အထိ စေလွှတ်ရန် အင်ဒိုနီးရှား ပြင်ဆင်

February 11, 2026

စစ်ဒဏ်သင့် ဂါဇာဒေသအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်ကို အထောက်အကူပြုရန် အင်ဒိုနီးရှားနိုင်ငံက ၎င်းတို့၏ တပ်ဖွဲ့ဝင်အင်အား ရှစ်ထောင်အထိ စေလွှတ်ရန် ပြင်ဆင်နေသည်။

ယင်းကြောင့် အင်ဒိုနီးရှားနိုင်ငံသည် ဂါဇာဒေသအတွက် ထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်အတွက် တပ်ဖွဲ့စေလွှတ်မည်ဟု လူသိရှင်ကြား ပထမဆုံး ကတိကဝတ်ပြုသည့် နိုင်ငံ ဖြစ်လာသည်။

ကမ္ဘာ့မွတ်စလင်လူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားသည် ဂါဇာနှင့် အခြားပဋိပက္ခဖြစ်ပွားရာဒေသများသို့ စေလွှတ်ရန်အတွက် တပ်ဖွဲ့ဝင်များကို စတင်လေ့ကျင့်ပေးနေပြီဖြစ်ကြောင်း အင်ဒိုနီးရှားကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မာရူလီ စီမန်ဂျွန်တပ်က ဖေဖော်ဝါရီလ ၉ ရက်တွင် ပြောသည်။

“ဒါဟာ လက်ရှိလုပ်ဆောင်နေဆဲ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဂါဇာက ညှိနှိုင်းရေးမှူးနဲ့ ဆောင်ရွက်နေတဲ့ ညှိနှိုင်းမှုရလဒ်တွေကို စောင့်ဆိုင်းနေပါတယ်” ဟု အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ မာရူလီက ပြောကြားသည်။

“တပ်မဟာတစ်ခု၊ အင်အား ငါးထောင်ကနေ ရှစ်ထောင်ဝန်းကျင်လောက် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးက ညှိနှိုင်းနေဆဲအဆင့်ပဲ ရှိပါသေးတယ်။ ဒါကြောင့် အခုအချိန်အထိတော့ အရေအတွက်ကို အတိအကျ မပြောနိုင်သေးပါဘူး” ဟု ၎င်းက ဆိုသည်။

အင်ဒိုနီးရှားတပ်ဖွဲ့ဝင်များအနေဖြင့် ဂါဇာ၌ မည်သည့်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရမည်ဆိုသည်နှင့် ပတ်သက်၍ ၎င်းက အသေးစိတ် ရှင်းလင်းပြောဆိုခြင်း မရှိပေ။

သို့သော် အင်ဒိုနီးရှားတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးရာတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အဓိကထားကြောင်း ၎င်းက ပြောဆိုသည်။

အင်ဒိုနီးရှားတပ်ဖွဲ့ဝင်များသည် သမ္မတထရမ့်၏ နိုင်ငံစုံငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့အဖြစ် ရည်မှန်းထားသည့် နိုင်ငံတကာ တည်ငြိမ်အေးချမ်းရေးတပ်ဖွဲ့တွင် ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံတကာတည်ငြိမ်အေးချမ်းရေးတပ်ဖွဲ့၏ လုပ်ပိုင်ခွင့်အာဏာနှင့် ပါဝင်ဖွဲ့စည်းမည့် အင်အားစုများနှင့် ပတ်သက်၍မူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Source: The Financial Times