ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ် အင်အားဖြည့်ပြီးနောက် မောတောင်လမ်းတွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်

February 11, 2026

တနင်္သာရီမြို့မှ မောတောင်မြို့သို့ သွားရာလမ်းပိုင်းရှိ သိန်ခွန်းရွာနှင့် ချောင်းနှစ်ပေါက်ရွာတို့တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။

စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးလာပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်နှင့် ၇ ရက်တို့တွင် တိုက်ပွဲဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“အရင်လာတဲ့ စစ်ကောင်စီတပ်သားတွေက သိန်ခွန်းဘက်ကနေ တိုးတက်လာတယ်။ နောက်ရောက်လာတဲ့ သူတွေက ချောင်းနှစ်ပေါက်ရွာကြားကို ရောက်လာတယ်။ အဲဒီနေရာတွေမှာ နှစ်ရက်လုံးပွဲဖြစ်တယ်။ တိုက်ပွဲကတော့ ကြမ်းတယ်” ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီလ ၅ရက်တွင် မြိတ်မြို့မှတစ်ဆင့် စစ်အာဏာရှင်တပ်သည် သိန်ခွန်းရွာရှိ စစ်အာဏာတပ်သားများထံသို့ ကား ခြောက်စီးဖြင့် ရိက္ခာအပါအဝင် အင်အား ၆၀ ခန့်ဖြင့် အင်အားဖြည့်တင်းခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့က ပြောဆိုသည်။

တိုက်ပွဲအတွင်း နှစ်ဖက်စလုံး ထိခိုက်မှုရှိသည်ဟု ၎င်းတို့က ဆိုသည်။

ဖေဖော်ဝါရီလ ၉ရက်တွင် စစ်အာဏာရှင်တပ်သည် ကားများဖြင့် မြိတ်မှ တနင်္သာရီမြို့၊ ဇဝဲကျေးရွာအခြေစိုက် ၅၅၆ ခြေမြန်တပ်ရင်းကို အင်အားဖြည့်‌ခဲ့ကြောင်း ‌ဒေသခံတစ်ဦးက ပြောဆိုသည်။

“စစ်ကောင်စီဘက်က ရွေးကောက်ပွဲပြီးနောက်ပိုင်း စစ်ကြောင်းထိုးတာတွေ ခပ်စိပ်စိပ်လုပ်ဆောင်နေတယ်” ၎င်းက ပြောသည်။

သိန်ခွန်းရွာအပြင် တနင်္သာရီ-မောတောလမ်းတွင်ရှိသည် တမုတ်ချုံးကျေးရွာဘက်သို့ စစ်ကြောင်းတစ်ကြောင်း၊ မြိတ်-တနင်္သာရီလမ်းတွင်ရှိသည့် မဇောကျေးရွာအုပ်စုဘက်သို့ စစ်ကြောင်းတစ်ကြောင်းထိုးနေကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။

“အင်အားဖြည့်ရောက်လာတဲ့အထဲမှာ အချို့ရွာတွေက ဖမ်းခံထိပြီး စစ်မှုထမ်းထဲ ရောက်သွားသူတွေ ပြန်ပါလာတယ်” ဟု အထက်ပါ ဒေသခံက ဆက်လက်ပြောဆိုသည်။

မောတောင်မြို့ကို တော်လှန်ရေးတပ်များက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၄ ရက်တွင် သိမ်းယူပြီးနောက် မောတောင်လမ်းရှိ သိန်ခွန်းရွာနှင့် သဲဖြူရွာအပါဝင်အနီးဝန်းကျင်ရှိ ရွာများတွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ဒေသခံ လေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။