ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဥပဒေနှင့် မညီသည့်အကြောင်းအရာများကို ဆိုရှယ်မီဒီယာကုမ္ပဏီများက သုံးနာရီအတွင်း ဖယ်ရှားရန် အိန္ဒိယအစိုးရ ထုတ်ပြန်

February 11, 2026

ဓာတ်ပုံ - Reuters

ဆိုရှယ်မီဒီယာကုမ္ပဏီများအနေဖြင့် ဥပဒေနှင့် မညီသည့် အကြောင်းအရာ ရေးသားဖြန့်ဝေပြောဆိုမှုများကို အကြောင်းကြားစာ လက်ခံရရှိပြီး သုံးနာရီအတွင်း ဖယ်ရှားရမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ဖေဖော်ဝါရီလ ၁၀ ရက်တွင် ထုတ်ပြန်သည်။

ယခင် သတ်မှတ်ထားသည့် ၃၆ နာရီအတွင်း ဖယ်ရှားရမည်ဆိုသည့် စည်းမျဉ်းကို ပိုမိုတင်းကျပ်လိုက်ခြင်း ဖြစ်သည်။

ယင်းမှာ Meta ၊ YouTube နှင့် X စသည့် ဆိုရှယ်မီဒီယာကုမ္ပဏီကြီးများဘက်က လိုက်နာရန် ခက်ခဲမည်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

ယခုအသစ်ထုတ်ပြန်လိုက်သည့် စည်းမျဉ်းအသစ်သည် ဖေဖော်ဝါရီလ ၂၀ ရက်မှစတင်၍ အာဏာတည်မည် ဖြစ်သည်။

ဥပဒေနှင့် မညီသည့် အကြောင်းအရာများ ရေးသားပြောဆိုဖြန့်ဝေမှုများကို ဖယ်ရှားရမည့်အချိန်ကာလကို ပြောင်းလဲရခြင်းနှင့် ပတ်သက်၍ အိန္ဒိယအစိုးရ၏ ညွှန်ကြားချက်တွင် မည်သည့်အကြောင်းပြချက်မျှ ဖော်ပြထားခြင်း မရှိပေ။

“ဆိုရှယ်မီဒီယာကုမ္ပဏီတွေအတွက် အကြောင်းအရာတွေကို သုံးနာရီအတွင်း ဖယ်ရှားပစ်ဖို့ဆိုတာက လက်တွေ့မှာ မဖြစ်နိုင်သလောက်ပဲ” ဟု နည်းပညာဥပဒေအထူးပြု အိန္ဒိယဥပဒေအကျိုးဆောင်အဖွဲ့ Panag & Babu မှ အဖွဲ့ဝင်ဖြစ်သူ Akash Karmakar က ပြောသည်။

မကြာသေးမီနှစ်များအတွင်း အိန္ဒိယအစိုးရသည် အွန်လိုင်းပေါ်မှ ပြောဆိုမှုများကို ထိန်းချုပ်ရန် ပိုမိုလုပ်ဆောင်လာခဲ့သည်။

ယင်းလုပ်ဆောင်ချက်များသည် ဒစ်ဂျစ်တယ်အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၏ ဝေဖန်မှုကို မကြာခဏ ခံရလေ့ရှိပြီး အီလွန်မတ်စ်၏ X အပါအဝင် ဆိုရှယ်မီဒီယာကုမ္ပဏီများနှင့်လည်း ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားစေခဲ့သည်။

Source: Reuters