ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကိုဗစ်ကာလနောက်ပိုင်း ပြန်ကျင်းပသည့် ကံပေါက် ဟိန္ဒူမီးနင်းပွဲ

February 11, 2026

ဓာတ်ပုံ - Dawei Watch

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် တည်ရှိသည့် ဆာရီကာလီယမ္မာ မယ်တော် ဟိန္ဒူဘုရားကျောင်းက ဖေဖော်ဝါရီလ ၁၀ ရက် ညနေပိုင်းတွင် မီးနင်းပွဲနှင့် အပ်ထိုးပွဲကို ကံပေါက်ဘောလုံးကွင်း၌ ကျင်းပကြောင်း ဘုရားကျောင်းဂေါပကအဖွဲ့ထံမှ သိရသည်။

ကိုဗစ်ကပ်ရောဂါကာလနှင့် စစ်အာဏာသိမ်းမှုကာလအတွင်း မီးနင်းပွဲကို ငါးနှစ်ကြာ ရပ်နားထားရာမှ ယခုနှစ်တွင် ကျင်းပခြင်းဖြစ်သည်။

ဘုရားပူဇော်ပွဲကိုမူ နှစ်စဥ် မပျက်ပြုလုပ်ခဲ့ပြီး ယခုနှစ်၌ သက်ဝင်ယုံကြည်သူများက မီးနင်းပွဲ ပြုလုပ်ကြရန် တောင်းဆိုကြသဖြင့် ညှိနှိုင်းတိုင်ပင်ကာ ပြန်လည်ပြုလုပ်ခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ဟိန္ဒူဘာသာဓလေ့ထုံးတမ်းအရ ရက်ရှည် ဥပုသ်စောင့်ကာ အပ်ထိုး ၊ မီးနင်းကြခြင်းဖြစ်ပြီး အပ်ထိုး၊ မီးနင်းသူ အရေအတွက်မှာမူ ကိုဗစ်မတိုင်မီက ကျင်းပသည့် ဘုရားပွဲများတွင် ပါဝင်သူအရေအတွက်ထက် လျော့နည်းကြောင်း ဆိုသည်။

ယခုနှစ် ဘုရားပွဲတွင် ပါဝင်သူအများစုသည် သက်လတ်ပိုင်း၊ သက်ကြီးပိုင်း နှင့် ကလေးအများစုဖြစ်ကြပြီး လူငယ်အများစုမှာ မတွေ့ရပေ။ အာဏာသိမ်းပြီးနောက် ပဋိပက္ခများနှင့် စစ်မှုထမ်းဥပဒေတို့ကြောင့် ရပ်ဝေးဒေသ ၊ နိုင်ငံရပ်ခြား ရောက်ရှိနေကြသဖြင့် ပါဝင်နိုင်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။

ယခုနှစ်တွင် မီးနင်းသူဦးရေ ၆၀ ကျော်နှင့် အပ်ထိုးသူ ၂၀ ဦးခန့် ရှိကြောင်း ဘုရားကျောင်းထံမှ သိရသည်။

ဆုတောင်းတစ်ခုကို အဓိဋ္ဌာန်ပြုဆုတောင်းကာ မီးနင်းလျှင် အဓိဋ္ဌာန်အောင်လေ့ရှိသည့်ဟု သက်ဝင်ယုံကြည်၍ မီးနင်းသူများရှိပြီး မိရိုးဖလာ ဆွေမျိုးအစဥ်အဆက်ဓလေ့အရ မီးနင်းသူများလည်း ရှိကြကြောင်း မီးနင်းသူများက ပြောသည်။

ကံပေါက်မီးနင်းပွဲသည် ယခင်က ဒေသတွင်း နာမည်ကျော်သည့် ပွဲတော်တစ်ခုဖြစ်ပြီး ပွဲလမ်းသဘင်များနှင့် ကျင်းပလေ့ရှိကာ ရပ်နီးရပ်ဝေး ပရိသတ်များဖြင့် စည်ကားသည့်ပွဲတော်တစ်ခုဖြစ်သည် ။

ကံပေါက်ဒေသတွင် ဟိန္ဒူဘာသာဝင်များက မီးနင်းပွဲကို ၁၉၉၄ ခုနှစ်ကစ၍ ကျင်းပခဲ့ကြခြင်းဖြစ်သည်။