တနင်္သာရီမြို့နယ်တွင် စစ်ကော်မရှင်က ရွေးကောက်ပွဲကို တနင်္သာရီမြို့ပေါ်နှင့် ဇဝဲကျေးရွာတို့တွင်သာ ကျင်းပနိုင်ကြောင်း ဒေသခံများ ထံမှ သိရသည်။
ယနေ့ ဇန်နဝါရီလ ၁၁ရက်နေ့တွင် စစ်ကော်မရှင်ရွေးကောက်ပွဲ၏ အပိုင်း ၂ ကို ကျင်းပရာ၌ တနင်္သာရီမြို့နယ် ပါဝင်လာသည်။
ရွေးကောက်ပွဲကို တနင်္သာရီမြို့ပေါ်ရှိ တပ်ဦးစာသင်ကျောင်းတွင် မဲရုံ တစ်ရုံ၊ မြို့မအားကစားကွင်းတွင် မဲရုံတစ်ရုံနှင့် စစ်အာဏာရှင် တပ်ရင်း ခမရ ၅၅၆ ရှိသည့် ဇဝဲကျေးရွာတွင် မဲရုံတစ်ရုံံဖြင့်သာ ကျင်းပနိုင်ကြောင်း ဒေသခံများက ဆိုသည်။
တပ်ဦးစာသင်ကျောင်းတွင် ဖွင့်ထားသည့် မဲရုံတွင် နယ်ဝေးမှ သူများ မဲထည့်ရန်အတွက်ဖြစ်ပြီး မြို့မအားကစားကွင်းတွင် ဖွင့်ထားသည့်မဲရုံတွင် တနင်္သာရီမြို့ပေါ်က မြို့သူမြို့သားများ ထည့်ရန်အတွက် ဖြစ်ကြောင်း တနင်္သာရီမြို့ခံတစ်ဦးက ဆိုသည်။
“မဲက ကတ်လာပေးသူလောက် သွားထည့်ရတယ်။လူအကုန်ထည့် စရာမလိုဘူး။ တစ်အိမ်မှာ သုံးယောက်နဲ့ နှစ်ယောက်လောက်ပဲ ကတ်ရတယ်။မဲလာထည့်သူတွေက သိပ်မရှိဘူး” ဟု အထက်ပါ မြို့ခံက ပြောသည်။
စစ်အာဏာရှင်တပ်သားများသည့် လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ နယ်ခြားရွာမှစ၍ ရေဖြူရွာအထိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် လမ်းကင်းများ ယူထားပြီး မြေမအုံရွာနှင့် ပျို့အိုင်ရွာများတွင်လည်း လမ်းကင်းများ နေရာယူထားကြောင်း မြို့ခံ အခြား တစ်ဦးက ဆိုသည်။
“(မြို့ပေါ်) မဲရုံနှစ်ရုံမှာက တပ်ဦးစာသင်ကျောင်းမှာ လုံခြုံရေးပိုတင်းကျပ်တယ်။ တနင်္သာရီမြို့ဝန်းကျင်မှာလည်း အင်အားအများပြားနဲ့ လုံခြုံရေးယူထားကြတယ်။ မဲထည့်နေသူတွေက စစ်တပ်အသိုင်းဝိုင်းနဲ့ထောက်ခံသူတွေက လွဲရင် ကျန်သူတွေက ကြောက်ပြီးထည့်နေရသူတွေကများတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
တနင်္သာရီမြို့ပေါ်တွင် မဲထည့်ရန်အတွက် မဲပေးခွင့် လက်မှတ် စာရင်းကျသူများကို အမည်စာရင်းနှင့်တကွ ဇန်နဝါရီလ ၁၀ရက်နေ့ ညနေပိုင်းတွင် ရပ်ကွက် လူကြီးများက လာရောက်ပေးဆောင် သွားကြောင်း တနင်္သာရီမြို့ပေါ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။
တနင်္သာရီမြို့တွင် မြို့ပေါ်ရပ်ကွက် နှစ်ခုနှင့် မြို့နယ်အတွင်း ကျေးရွာအုပ်စု ၂၁ ခု (ကျေးရွာစုစုပေါင်း၂၂၀) ရှိသည်။
တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် ရပ်ကွက် ၃ ခုရှိသည်။
ထိုကြောင့် တနင်္သာရီမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု စုစုပေါင်း ၂၆ ခုရှိသော်လည်း ရပ်ကွက်/ကျေးရွာအုပ်စု ၇ခုတွင်သာ ရွေးကောက်ပွဲကျင်းပခဲ့ခြင်းဖြစ်သည်။
ဇဝဲကျေးရွာအုပ်စုနှင့် တနင်္သာရီမြို့က ၁၅ မိုင်ဝန်းကျင်ကွာဝေးပြီး မြိတ်-တနင်္သာရီမြို့သွား ပြည်ထောင်စုလမ်းအနီး တည်ရှိသည်။







