ကျွန်းစုမြို့နယ်၊ ကျောက်တန်းငယ်ကျေးရွာတွင် စစ်အာဏာရှင်တပ်က ဒေသခံနေအိမ်များကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။
ဇန်နဝါရီလ ၁ဝ ရက်နေ့က ကျောက်တန်းငယ်ရွာအနီးဝန်းကျင်ရှိ ‘ကြက်တန်းငယ်’ ဆိုသည့်နေရာကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးနေသည်ကို အဝေးက လှမ်းမြင်ရကြောင်း ကျွန်းစုမြို့နယ် ပကဖ ဒုတိယတာဝန်ခံက ဆိုသည်။
“နယ်မြေမရှင်းရသေးတော့ အသေးစိတ်မသိရသေးဘူး။ အဝေးက လှမ်းမြင်ရတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါကျေးရွာအနီးတွင် စစ်သင်္ဘောနှင့် စစ်အာဏာရှင်တပ်သားများ အသုံးပြုနေသည့် ငါးဖမ်းလှေကဲ့သို့ လှေ(ဒေသအခေါ် သားပေါက်လှေ)များရှိနေသည့်အတွက် အသေးစိတ်မသိရကြောင်း အထက်ပါ ဒုတာဝန်ခံက ဆိုသည်။
ဇန်နဝါရီလ ၁ ရက်နေ့ကလည်း စစ်အာဏာရှင်တပ်သားများနှင့် ပျူစောထီးများပေါင်းကာ ကျောက်တန်းငယ်ရွာရှိ နေအိမ် ၁၀ ဆောင်ခန့်ကို မီးရှို့ ဖျက်ဆီခဲ့သေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။
ကျောက်တန်းငယ်ရွာသည် ဘန္ဒဲကျေးရွာအုပ်စုအတွင်း ပါဝင်ပြီး တိုက်ပွဲများနှင့် ပဋိပက္ခပြင်းထန်သည့် ဒေသတစ်ခု ဖြစ်သည်။
ကျွန်းစုမြို့နယ်ရှိ ကျေးရွာအများစုတွင် စစ်ရေးတင်းမာနေပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလဆန်းကစတင်ကာ စစ်အာဏာရှင် တပ်ဘက်ကလည်း စစ်သင်္ဘောများထပ်တိုးကာ စစ်ကြောင်းထိုးနေကြောင်း ကျွန်းစုဒေသခံတစ်ဦးက ဆိုသည်။
“ရွာတွေမှာ လူတွေတောင် သိပ်မနေရဲကြတော့ဘူး။စစ်သားတွေက တော်တော်သောင်းကျန်နေတယ်။တချို့ဆို ဥယျာဉ်၊ခြံတွေထဲသွားနေကြတယ်။တချို့လည်း မြို့ပေါ်တက်နေကြကုန်ပြီ။ အခြေအနေတွေက တော်တော်ဆိုးနေတယ်” ဟု ၎င်းကပြောသည်။
စစ်အာဏာရှင်တပ်သားများက ပျူစောထီးများနှင့်အတူ ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ဒေသခံများကို ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းအပြင် ဒေသခံများပိုင်ဆိုင်သည့် အဖိုးတန်ပစ္စည်းများကိုပါ ယူဆောင်သွားကြကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။







