စစ်ကော်မရှင်က ယနေ့ (ဇန်နဝါရီ ၁၁)ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂)တွင် တနင်္သာရီတိုင်းမှ ရေဖြူ၊ ကျွန်းစုနှင့် တနင်္သာရီ မြို့နယ်သုံးခုပါဝင်ခဲ့ပြီး ရေဖြူမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်နှစ်ဦးမှာ မပြိုင်မီကတည်းက နိုင်နှင့်နေပြီ ဖြစ်သည်။
ရေဖြူမြို့နယ်သည် ရေဖြူမြို့၊ ကလိန်အောင်မြို့၊ နဘုလယ်တိုက်နယ်နှင့် ကံပေါက်တိုက်နယ်တို့ဖြင့် ဖွဲ့စည်းထားသည့် မြို့နယ်တစ်ခုဖြစ်သည်။ Myanmar Information Management Unit (MIMU) ၏ စာရင်းအရ ရေဖြူမြို့နယ်၌ ရပ်ကွက်ရှစ်ခုနှင့် ကျေးရွာအုပ်စု ၃၄ အုပ်စု ရှိသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်များအရ ရေဖြူမြို့နယ်၌ ရွေးကောက်ပွဲ မလုပ်နိုင်သည့် ကျေးရွာအုပ်စုမှာ ၂၆ ခု ရှိသဖြင့် မြို့နယ်၏ နယ်မြေ ၂၅ ရာခိုင်နှုန်းဝန်းကျင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းဖြစ်သည်။
ကျင်းပသည့် ဒေသအချို့ထဲတွင် စစ်အုပ်စု၏ ကျောထောက်နောက်ခံပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မပြိုင်ဘဲအနိုင်ရသည့် မဲဆန္ဒနယ်များက ရှိနေပြန်သည်။
လွှတ်တော်သုံးရပ်၊ မဲပုံးတစ်လုံး
ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော်ဟူ၍ လွှတ်တော်သုံးရပ်အတွက် မဲပုံးသုံးလုံး ရှိရမည်ဖြစ်သော်လည်း ရေဖြူမြို့နယ်ရှိ မဲရုံအားလုံးတွင် မဲပုံးတစ်လုံးသာ ရှိသည်ဟု ယနေ့ ကိုယ်တိုင်မဲသွားထည့်ခဲ့သူများက ပြောပြသည်။
အဘယ်ကြောင့်ဆိုသော် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်အတွက် ရေဖြူမြို့နယ်မှ ဝင်ပြိုင်သည့်ပါတီမှာ ကြံ့ခိုင်ရေးပါတီ တစ်ခုသာရှိသဖြင့် မဲပေးစရာမလိုဘဲ အော်တိုကိုယ်စားလှယ် နှစ်ဦး ရှိနေ၍ဖြစ်သည်။
အမျိုးသားလွှတ်တော်အတွက်မူ မဲအများဆုံးရသူယူစနစ် (FPTP) တွင် ကြံ့ခိုင်ရေး၊ တစည နှင့် ပြည်သူ့ရှေ့ဆောင် (PPP) ပါတီတို့က ကိုယ်စားလှယ်သုံးဦး ဝင်ပြိုင်သည့်အတွက် မဲပုံးတစ်လုံးတည်းသာ ထားရှိခြင်းဖြစ်သည်။
အချိုးကျစနစ်(PR)ဖြင့်ပြန်ရွေးမည့် အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီး လွှတ်တော် နှစ်နေရာတွင်လည်း အထက်ပါသုံးပါတီအပြင် တစညပါတီ ၊ ပြည်သူ့ပါတီ ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားများဖွံ့ဖြိုးတိုးတက်ရေးပါတီ သုံးပါတီမှ ကိုယ်စားလှယ်များ ဝင်ပြိုင်ထားကြပြီး ယင်းနေရာများအတွက် မဲပုံးထားရှိခြင်းမရှိပေ။
ယင်းအပြင် ကရင်တိုင်းရင်းသားများအတွက် တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာအတွက် မဲပုံးတစ်လုံး ရှိရမည်ဖြစ်သော်လည်း ယနေ့ ရွေးကောက်ပွဲကျင်းပသည့် ရေဖြူမြို့နယ်က ကျေးရွာအုပ်စုအများစုရှိ မဲရုံများတွင်မူ ယင်းမဲပုံးကိုလည်း မတွေ့ရကြောင်း ပြောဆိုကြသည်။ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ကျေးရွာအုပ်စုများအနက် ရေဖြူမြောက်ပိုင်း ကျေးရွာများသည်လည်း ထားဝယ်ဒေသခံ ကရင်တိုင်းရင်းသားများ အများစု နေထိုင်သည့် နေရာများဖြစ်သည်။
■ ရေဖြူမြို့ပေါ် မဲရုံအခင်းအကျင်း
ရေဖြူမြို့တွင် (က၊ ခ၊ ဂ၊ ဃ) ရပ်ကွက်လေးခုရှိ စာသင်ကျောင်းများ၌ မဲရုံတစ်ရုံစီ ဖွင့်လှစ်ထားကြောင်း မြို့ခံများက ပြောသည်။ မဲရုံဝန်းကျင်နှင့် မြို့တွင်းလမ်းများ၌ စစ်အာဏာရှင်တပ်က လုံခြုံရေးအသင့်အတင့် ယူထားပြီး မြို့တွင်းလမ်းများကို လမ်းပိတ်ဆို့ထားခြင်း မရှိကြောင်း မြို့ခံများက ဆိုသည်။
“မြို့ထဲမှာတော့ မဲသွားပေးနေကြတာ ပုံမှန်ပဲ။ အစစ်အဆေး သိပ်မရှိဘူး။ ဒါပေမဲ့ ပြည်ထောင်စုလမ်းမပေါ်မှာတော့ အရံအတား (စစ်အာဏာရှင်တပ်၏ လမ်းပိုင်းစစ်ဆေးခြင်း) တွေတော့ လုပ်နေတယ်” ဟု ရေဖြူမြို့ခံ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ရေဖြူမြို့၏ အရှေ့ခြမ်းသည် အမှတ် (၈) ပြည်ထောင်စုကားလမ်းမပေါ်တွင် တည်ရှိသည်။ သို့သော် ပြည်ထောင်စုကားလမ်းမပေါ်ရှိ ရေဖြူမြို့ဝန်းကျင် ကျေးရွာအုပ်စုတစ်ခုဖြစ်သလို ရေဖြူ-ထားဝယ်နယ်စပ်ဖြစ်သည့် ညင်းထွေးကျေးရွာအုပ်စုတွင်မူ ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း စစ်ကော်မရှင်က ကြေညာထားသည်။
ယင်းအပြင် ရေဖြူမြို့နှင့် ကလိန်အောင်မြို့အကြားရှိ ကျေးရွာအုပ်စုများဖြစ်သည့် ဥဿရံ၊ ဝန်ဖို့၊ ကရင်ရှင်ထဘီ၊ နှမ်းကြဲ နှင့် ကျောက်ရှပ် စသည့် ကျေးရွာအုပ်စုများတွင်လည်း ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း စစ်ကော်မရှင်က ဆိုသည်။
ထားဝယ်မြစ် အနောက်ဘက်ကမ်းရှိ ရေဖြူမြို့နှင့်နီးသည့် ပုလဲကူ၊ ရလိုင်၊ ပုဂေါဇွန်း၊ နတ်တွင်း၊ သစ်တိုထောင့် နှင့် ကျောက်ထောင့်ကျေးရွာအုပ်စုများတွင်လည်း စစ်ကော်မရှင်က ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့ပေ။ ရေဖြူမြို့ပေါ် မဲရုံများတွင်မူ မြို့တွင်ကျန်နေသူများ မဲသွားပေးနေကြကြောင်း ကိုယ်တိုင်မဲသွားပေးခဲ့သည့် မြို့ခံတစ်ဦးက ပြောသည်။
“မြို့မှာကျန်လူတွေတော့ သွားပေးနေကြတာပေါ့။ ပြီးသွားရင်လည်း တစ်ခုခုများ ပြောင်းလဲမလား မျှော်လင့်ချက်နဲ့ပေါ့လေ” ဟု ၎င်းက ပြောဆိုသည်။
ရေဖြူမြို့ရှိ ထွေအုပ်ရုံးအပါအဝင် ဌာနဆိုင်ရာရုံး ခြောက်ခုကို ရွေးကောက်ပွဲမလုပ်မီ တစ်လအလို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၂ ရက်က တော်လှန်ရေးအင်အားစုများဘက်မှ ဝင်ရောက်စီးနင်းကာ ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် စာရင်းဇယား၊ ပစ္စည်းများကို သိမ်းဆည်းမီးရှို့ဖျက်ဆီးခဲ့သေးသည်။
■ ကလိန်အောင်မြို့မှ မလွှဲတောင်ကြား မဲရုံအခြေအနေ
ရေဖြူမြို့နယ် ကလိန်အောင်မြို့တွင်လည်း မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ် (၁၊ ၂၊ ၃၊ ၄) ရပ်ကွက်များအတွက် စာသင်ကျောင်းများ၌ မဲရုံများ ဖွင့်ထားသည်။ မဲပေးသည့်အချိန်အတွင်း ပြည်ထောင်စုကားလမ်းမပေါ်ရှိ ကလိန်အောင်တံတားကို ပိတ်ထားမည်ဟုဆိုကာ ယနေ့နံနက်ပိုင်းကတည်းက လမ်းပိတ်ထားကြောင်း မြို့ခံများက ပြောသည်။
မြို့တွင်းမဲရုံများ၌ မဲပေးသူ အသင့်အတင့်ရှိပြီး အတင်းအကျပ် ဖိအားပေး၍ မဲပေးခိုင်းခြင်းမျိုး မရှိကြောင်း မြို့ခံများက ဆိုသည်။ အဝေးရောက်နေသူများအတွက် ကြိုတင်မဲကောက်ခြင်း၊ မဲတောင်းခံခြင်း မကြုံရကြောင်း ရန်ကုန်တွင် ရွှေ့ပြောင်းနေထိုင်သည့် ကလိန်အောင်ဒေသခံတစ်ဦးက ပြောသည်။
“အတင်းအကျပ်တော့ မရှိဘူး။ ရန်ကုန်မှာလည်း မရှိဘူး” ဟု ၎င်းက ပြောဆိုသည်။
မြို့ဝန်းကျင်ရှိ ဇင်းဘာ၊ မိကျောင်းလှောင် စသည့် ကျေးရွာအုပ်စုများ၌မူ ရွေးကောက်ပွဲ မကျင်းပနိုင်ဟု စစ်ကော်မရှင်က ကြေညာသည်။ ယင်းအပြင် မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးအင်အားစုများ နှင့် စစ်အာဏာရှင်တပ်အကြား မကြာခဏ ပဋိပက္ခ၊ ထိတွေ့ပစ်ခတ်မှု ဖြစ်လေ့ရှိသော မလွှဲတောင်လမ်းပိုင်းတွင်မူ ရာဖူးအုပ်စုမှလွဲ၍ ကျန်ကျေးရွာအုပ်စုများတွင် စစ်ကော်မရှင်က ရွေးကောက်ပွဲ မလုပ်နိုင်ပေ။
ရာဖူးကျေးရွာအုပ်စုတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟုဆိုသော်လည်း အုပ်စုအတွင်းရှိ ကျေးရွာအားလုံးတွင် မကျင်းပနိုင်ဘဲ အုပ်စုအတွင်းရှိ ကော့လှိုင်ရွာ၌သာ မဲရုံတစ်ရုံ ဖွင့်နိုင်သည်။ ကော့လှိုင်ရွာသည် စစ်အာဏာရှင်တပ်၏ ခလရ (၂၈၂) တပ်ရင်း အခြေစိုက်ရာရွာဖြစ်ပြီး စစ်မှုထမ်းဟောင်းအများစု အခြေချနေထိုင်သည့် ကျေးရွာဖြစ်သည်။
“တချို့ဆို ရွေးကောက်ပွဲရှိတယ်ဆိုတာမပြောနဲ့ မဲဘယ်နေ့ထည့်ရမှန်းတောင် မသိဘူး” ဟု ကလိန်အောင် ရာဖူးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
■ ကံပေါက်က တိုက်နယ်တစ်ဝက် ရွေးကောက်ပွဲ
ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်းများဖြင့် ကံပေါက်တိုက်နယ်တွင်လည်း ကျေးရွာအုပ်စု ဆယ်ခုရှိသည့်အနက် ငါးခုတွင် ရွေးကောက်ပွဲ ကျင်းပနေသည်။
ကံပေါက်၊ အုန်းပင်ကွင်း၊ သဲချောင်း၊ ကျွဲသုံးညီမနှင့် မင်းသား စသည့် ကျေးရွာအုပ်စု ငါးခုတွင် ကျင်းပနေခြင်းဖြစ်သည်။
ယင်းနေရာများမှာ စစ်အာဏာရှင်တပ်၏ မောရဝတီရေတပ်စခန်းဌာချုပ်၊ ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း၊ ခြေလျင်တပ်ရင်းများ အခြေစိုက်ရာနေရာဖြစ်ပြီး ပျူစောထီးလက်နက်ကိုင် အားကောင်းရာနေရာများ ဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။
ကံပေါက်ကျေးရွာအုပ်စုတွင်မူ စာသင်ကျောင်းသုံးကျောင်း၌ မဲရုံငါးရုံ ဖွင့်ထားပြီး မဲရုံများနှင့် လမ်းဆုံလမ်းခွများ၌ မောရဝတီရေတပ်က လုံခြုံရေးအများအပြား နေရာယူထားသည်။
“အထက ကံပေါက် ကျောင်းတစ်ကျောင်းတည်းမှာ မဲရုံသုံးရုံ၊ ကျန်တဲ့နှစ်ကျောင်းမှာ မဲရုံနှစ်ရုံ၊ အားလုံးငါးရုံရှိတယ်။ မဲရုံထဲမှာရော အပြင်မှာပါ မောရဝတီရေတပ်က စစ်သားတွေ သေနတ်ကိုင်ပြီး နေရာယူထားတယ်။ မဲရုံဝန်ထမ်းတွေကတော့ ရွာကတွေပဲ” ဟု ကိုယ်တိုင်မဲသွားပေးခဲ့သည့် ကံပေါက်ဒေသ အမျိုးသမီးတစ်ဦးက ပြောပြသည်။
ကံပေါက်ကျေးရွာအုပ်စုအတွင်းရှိ ရပ်ကွက်များတွင် ရွေးကောက်ပွဲ မကျင်းပမီ ရက်ပိုင်းအလိုကတည်းက မောရဝတီရေတပ်မှ စစ်အာဏာရှင်တပ်သားများက သေနတ်ကိုင်ပြီး မဲစာရင်းစစ်ခြင်း၊ မဲပေးရန် ဖိအားပေးခြင်းများ ပြုလုပ်ခဲ့သေးကြောင်း ဒေသခံတို့က ဆိုသည်။ ယင်းသို့စစ်ဆေးစဉ် မိသားစုအလိုက် မဲစာရင်းကျန်ရစ်သူများ၊ အချို့မိသားစုများတွင် ကွယ်လွန်သွားသူများက စာရင်းပါပြီး ကျန်သူများက စာရင်းမပါခြင်းမျိုးလည်း ကြုံရကြောင်း ကိုယ်တိုင်ကြုံရသည့် ဒေသခံများက ပြောပြသည်။
မောရဝတီရေတပ်စခန်းဌာနချုပ် တည်ရှိသည့် အုန်းပင်ကွင်းရွာတွင်လည်း မဲရုံတစ်ရုံ ဖွင့်ထားကြောင်း ရွာသားများထံမှ သိရသည်။
“အေးအေးဆေးဆေးပဲ။ မဲရုံအနားမှာ လုံခြုံရေး သုံးယောက်လောက်ရှိတယ်။ အရင်နေ့တွေက ဆိုင်ကယ်မှာ နောက်ခြင်းတောင်းမတပ်ဘဲ စီးလို့မရဘူး။ ဒီနေ့ မတပ်ဘဲ အလွတ်စီးနေတာတောင် ဘာမှမပြောဘူး” ဟု အုန်းပင်ကွင်းရွာသားတစ်ဦးက ပြောသည်။ ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာများတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဆိုင်ကယ်စီးနင်းခွင့်ကို မောရဝတီရေတပ်က လုံးဝပိတ်ပင်ထားသည်။
အုန်းပင်ကွင်းအုပ်စုနှင့် ကပ်လျက် သဲချောင်းကျေးရွာအုပ်စုတွင်လည်း ပျူစောထီးများ ဦးဆောင်ကာ ရွေးကောက်ပွဲ ကျင်းပနေသည်။ သဲချောင်း၊ သဘွတ်ချောင်း၊ မော်ငန်း၊ သင်္ကန်းတော၊ ကင်းတောင် စသည့်ရွာတို့တွင် မဲရုံများ ဖွင့်ထားသည်။
“ပျူစောထီးတွေက သတိပေးတာမျိုးရှိတယ်။ စာရင်းပါပြီး မဲမထည့်ရင် တစ်ခုခုဖြစ်နိုင်တယ်ဆိုပြီး ပြောတယ်။ အဲတော့ စာရင်းမပါတဲ့လူက ပေးစရာမလိုဘူး။ ပါတဲ့သူတွေတော့ သွားပေးကြတာပေါ့” ဟု သဘွတ်ချောင်းရွာသားတစ်ဦးက ပြောသည်။ ပျူစောထီးများအပြင် မောရဝတီရေတပ်မှ စစ်အာဏာရှင်တပ်သားများကလည်း ရွေးကောက်ပွဲ မကျင်းပမီ နှစ်ရက်အလိုကတည်းက သဲချောင်းအုပ်စုတွင် တပ်ဖြန့်နေရာယူထားကြောင်း ဒေသခံတို့က ဆိုသည်။
ကံပေါက်ဒေသတွင်း နောက်ထပ် ပျူစောထီးအားကောင်းသည့် မင်းသားကျေးရွာအုပ်စုတွင်လည်း အုပ်စုဝင်ကျေးရွာခြောက်ရွာအတွက် စာသင်ကျောင်းများ၌ မဲရုံနှစ်ရုံ ဖွင့်ထားသည်။ စစ်ကော်မရှင်က ရွေးကောက်ပွဲ မကျင်းပနိုင်သည့် အုပ်စုငါးခုမှာ ဇာဒီ၊ ဖားချောင်း၊ ဖောင်းတော၊ အိန္ဒရာဇာ နှင့် နတ်ကြီးစင်တို့ဖြစ်သည်။ အထက်ပါ ကျေးရွာအုပ်စုများသည် စစ်အာဏာရှင်တပ်က လက်လှမ်းမမီသည့် ကျေးရွာများဖြစ်ကြပြီး ဇာဒီနှင့် ဖားချောင်းအုပ်စုတွင်မူ နှစ်ဖက် ထိတွေ့ပစ်ခတ်မှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
■ အထူးစီးပွားရေးဇုန်မှာ ရွေးကောက်ပွဲ မရှိ
ထိတွေ့တိုက်ပွဲများ၊ စစ်ကြောင်းထိုးမှုများ မကြာခဏ ကြုံရလေ့ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဟု လူသိများသော နဘုလယ်တိုက်နယ်တွင်မူ တိုက်နယ်လုံးကျွတ် စစ်ကော်မရှင်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပေ။
ယင်းကြောင့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပရာ နယ်မြေတစ်ခုဖြစ်သည့် ရေဖြူမြို့နယ် ရွေးကောက်ပွဲအခင်းအကျင်းမှာ အဖြစ်သဘော ပြုလုပ်သည့် ရွေးကောက်ပွဲဟုပင် မဆိုနိုင်ပါ။ နယ်မြေအနေအထားအရ ကြည့်ပါကလည်း မြို့နယ်၏ လေးပုံတစ်ပုံခန့်သာ ကျင်းပနိုင်ပြီး ယှဉ်ပြိုင်သည့်ပါတီနှင့် ကိုယ်စားလှယ်များ၏ အခြေအနေနှင့် နှိုင်းယှဉ်သုံးသပ်ပါကလည်း မပြိုင်မီကတည်းက လွှတ်တော်နှစ်ရပ်အတွက် ကြံ့ခိုင်ရေးပါတီက နိုင်နှင့်နေပြီ ဖြစ်သည်။
ပထဝီအရ တနင်္သာရီတိုင်း၏ အဝင်ပေါက်၊ ထိုင်း-မြန်မာနယ်စပ် ထိစပ်ရာနေရာဖြစ်သလို အဖိုးတန်သစ်တောကြိုးဝိုင်းကြီးများအပြင် ရေနက်ဆိပ်ကမ်း၊ ရေနံကုမ္ပဏီ စသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အခြေစိုက်ရာ မြို့နယ်ကို လူထုကိုယ်စားပြုမှုမရှိသည့် ကိုယ်စားလှယ်များဖြင့် အုပ်ချုပ်ရေးယန္တရား အဓမ္မလည်ပတ်နိုင်ရန် စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း (၂) ကို ရေဖြူမြို့နယ်၌ ကျင်းပခဲ့ဟု သုံးသပ်ရမည်ဖြစ်သည်။







