ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကျွန်းစု ရွေးကောက်ပွဲတွင် စစ်သင်္ဘောများကြောင့် မဲပေးသူများကြောက်ရွံ့

January 11, 2026

စစ်ကော်မရှင်ပြုလုပ်သည့် ရွေးကောက်ပွဲအပိုင်း (၂) တွင် ပါဝင်သည့် ကျွန်းစုမြို့နယ် ကျေးရွာများတွင် စစ်အာဏာရှင်တပ် စစ်သင်္ဘောများက ကျွန်းစုပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ကင်းလှည့်နေပြီး လုံခြုံရေး တင်းကျပ်ထားသဖြင့် မဲပေးသူများ ကြောက်ရွံ့နေကြဟုဆိုသည်။

ပျမ်းမျှအားဖြင့် စစ်သင်္ဘော ၁၀ စီးခန့်က ရွေးကောက်ပွဲမကျင်းပမီ ၂ ရက်ခန့်အလိုကတည်းက ပင်လယ်ပြင်တွင် ကင်းလှည့်နေသလို စစ်အာဏာရှင်တပ်သားများကလည်း မဲထည့်ရန် ဖိအားပေးခြိမ်းခြောက်နေကြောင်း ဒေသခံအချို့က ဆိုသည်။

“မဲကထည့်ကိုထည့်ရမယ်တဲ့။ ကျွန်မတို့တအား(အရမ်း)ကြောက်တယ်။ သူတို့ကိုမြင်ရင်ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ မြင်မြင်သမျှကို လိုက်စစ်ဆေးနေတယ်” ဟု ကျွဲခရံကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။

ထို့ကြောင့် ရွေးကောက်ပွဲပြုလုပ်သည့် ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် ကျွန်းစုမြို့နယ်ရှိ ကျေးရွာအုပ်စုအများစုတွင် မဲလာထည့်သူများပြားနေပြီး ကျေးရွာပတ်လည်တွင်လည်း စစ်သင်္ဘောများက နေရာယူထားကြောင်း ဒေသခံများက ဆိုသည်။

“မဲကတော့အစောကြီးကတည်းက ထည့်‌ပြီးပြီ။မဲရုံတွေနားမှာ သေနတ်ကိုင်ထားတဲ့ လူတွေရှိတယ်။ရွာရှေ့မှာလည်းသင်္ဘောတွေတအားပဲ။ဒူးတုန်တုန်နဲ့ပဲသွားပေးခဲ့တယ်။ မပေးလို့လည်းမရဘူးလေ။ ရွာဆိုတော့ ဘယ်သူထည့်တယ် မထည့်ဘူးဆိုတာ သိနေကြတယ်လေ” ဟု ကျွဲခရံကျေးရွာအုပ်စုနေ နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

ရွေးကောက်ပွဲမလုပ်မီ ရက်ပိုင်းအလိုကပင် အဆိုပါစစ်သင်္ဘောများက ပင်လယ်ငါးဖမ်းထွက်မည့် ငါးဖမ်းလှေများကို တားဆီးနေပြီး စစ်ဆေးမေးမြန်းမှုများ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေကြောင်း ဘဒ္ဒနဲကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ဆိုသည်။

“ရွာထဲမှာ ၈ ရက်နေ့လောက်ကတည်းက စစ်သားတွေအထိုင်ချပြီးလာနေ နေတယ်။ ငါးဖမ်းလည်းထွက်မရဘူး။ စစ်ဆေးမေးမြန်းတာတွေ လုပ်တယ်။ မဲလည်းထည့်ကိုထည့်ရမယ်တဲ့။ တခြားဒေသတွေကိုလည်း သွားခွင့်မပေးဘူး” ဟု ၎င်းက ပြောသည်။

ကျွန်းစုမြို့နယ် ဘဒ္ဒနဲကျေးရွာအုပ်စုသည် စစ်ကော်မရှင် ရွေးကောက်ပွဲပြုလုပ်သည့် နေရာများအနက် တစ်ခုဖြစ်သည်။

ကျွန်းစုမြို့နယ်အတွင်း ရွေးကောက်ပွဲပြုလုပ်ရာတွင် ပါဝင်သည့် ကျေးရွာအုပ်စုများတွင် စစ်အာဏာရှင်ရေတပ် စစ်သင်္ဘောများ ရောက်ရှိနေပြီး ဒေသခံများကို ခြိမ်းခြောက်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ကျွန်းစုမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် ၄ ခုနှင့် ကျေးရွာအုပ်စု ၂၃ ခု (ကျေးရွာ ၁၉၃ ရွာ) ရှိသည်။ အဆိုပါ ရပ်ကွက်၊ ကျေးရွာအုပ်စုများအနက် ကောဇယာကျေးရွာအုပ်စု တစ်ခုတွင်သာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း စစ်ကော်မရှင်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်အာဏာရှင်တပ်သားများက ရွေးကောက်ပွဲမလုပ်နိုင်သည့် ကောဇယာကျေးရွာအုပ်စုအထိ သွားရောက်ကာ ဒေသခံများကို ဖမ်းဆီးခဲ့သည်ဟု ပြောဆိုကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။