ကျွန်းစုမြို့နယ် တောင်သုံးလုံးရွာရှိ စစ်အာဏာရှင်တပ်လက်အောက်ခံ ပျူစောထီးစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ၊ မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းက ဇန်နဝါရီ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။
ပင်လယ်ကမ်းစပ်ကျေးရွာဖြစ်သည့် တောင်သုံးလုံးရွာရှိ အဆိုပါ ပျူစောထီးစခန်းကို ဇန်နဝါရီ ၉ ရက် ည ၇ နာရီခန့်တွင် ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
တိုက်ပွဲအတွင်း ပျူစောထီးအဖွဲ့ဝင်အများစု ထွက်ပြေးလွတ်မြောက်သွားပြီး စခန်းကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
“ဌာနေပြည်သူ့စစ်ပုံစံမျိုးပဲ။ အင်အားက ၁၀၊ ၁၅ ဦး ဝန်းကျင်ပဲ ရှိပါတယ်။ တိုက်ပွဲက ၁၀ မိနစ်ဝန်းကျင်လောက်ပဲ ကြာပါတယ်။ တစ်ယောက်ကျ(သေ)တာနဲ့ ကျန်တဲ့လူ အကုန်ပြေးပါတယ်” ဟု ၎င်းက ဆိုသည်။
တောင်သုံးလုံးကျေးရွာအတွင်း အဆိုပါ ပျူစောထီးအဖွဲ့ဝင်များ မည်သည့်အချိန်ကစပြီး စခန်းချတပ်စွဲထားသည်ကိုမူ အတိအကျ မသိရကြောင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောဆိုသည်။
တောင်သုံးလုံးရွာသည် ကမ်းကြီးကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ကတန်ကျွန်းပေါ်တွင် တည်ရှိသည်။
စခန်းကို စီးနင်းတိုက်ခိုက်မှုအတွင်း ပျူစောထီးအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး နယ်မြေရှင်းလင်းစဥ် G3 သေနတ်တစ်လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ဓာတ်ပုံမှတ်တမ်းနှင့်တကွ ထုတ်ပြန်ထားသည်။
“စစ်ကူ ပစ်ကူလာတာ မရှိပါဘူး။ လက်ရှိ နောက်ဆက်တွဲ အခြေအနေ မသိရပါဘူး” ဟူလည်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်များဘက်က ထိခိုက်မှုမရှိကြောင်း ၎င်းက ဆိုသည်။
ကျွန်းစုမြို့နယ်သည် စစ်အုပ်စုက ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း ၂ တွင် ပါဝင်ပြီး ရွေးကောက်ပွဲမကျင်းပမီ ရက်ပိုင်းအလိုတွင် ယင်းကဲ့သို့ တိုက်ခိုက်ခံရခြင်းဖြစ်သည်။
စစ်အုပ်စု၏ ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပသည့် ဒီဇင်ဘာ ၂၈ ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ်၊ ဘိုဒါးကျေးရွာရှိ စစ်အာဏာရှင်တပ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
ဓာတ်ပုံ – မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း







