တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအခြေစိုက် ၅၅၆ စစ်အာဏာရှင်ခြေမြန်တပ်ရင်းက ဘန်းလမွတ်ရွာအနီး ရမ်းဖိုရွာ ဥယျာဥ်ခြံကို ဒရုန်းဖြင့် ဗုံးသီးကြဲချခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။
ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လယ် ၂ နာရီတွင် စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးသီးတစ်လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး ဦးမောင်ယုတဲအနီးတွင်ကျကာ တဲဝန်းကျင်တွင် မီးလောင်သွားခြင်းဖြစ်သည်။
ရမ်းဖိုရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည်မှာ တစ်လနီးပါးခန့်ကြာပြီဖြစ်ကြောင်း ၄င်းက ဆိုသည်။
“လူတွေက ထိခိုက်မှုမရှိဘူး။ တဲနံဘေးက အပင်တွေတော့ မီးလောင်သွားတယ်။ တဲလည်း ထိခိုက်မှုမရှိဘူး။ ခြံထဲမှာ လူတွေက ကွမ်းသီးကောက်တဲ့ ရာသီဖြစ်နေတော့ လူတွေက များနေကြတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း ရမ်းဖိုရွာရှိ ဥယျာဥ်ခြံများတွင် စစ်အာဏာရှင်တပ်၏ ကင်းထောက်ဒရုန်းများဆက်တိုက် ပျံဝဲနေကြောင်း ဒေသခံများက ဆိုသည်။
ဇဝဲတပ်မှ ဒရုန်းဖြင့် ရမ်းဖိုရွာ၊ဇဝဲရွာဝန်းကျင်ကို ကင်းထောက်နေသည်မှာ ရက်၂၀ကျော် ရှိပြီဖြစ်ကြောင်း၊နေ့အချိန်တွင် နေ့တိုင်းနီးပါး ပျံဝဲနေပြီး ညအချိန်တွင် ရံဖန်ရံခါ ပျံဝဲကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“ဇဝဲတပ်ဝန်းကျင်မှာရှိတဲ့ ရွာတွေမှာ ဒရုန်းဝဲနေတာ နေ့တိုင်းနီးပါးပဲ။ ၅၅၆ တပ်ရှေ့မှာ စောစောက(နံနက်) ကားရော၊ဆိုင်ကယ်ရော ပေးမသွားဘဲ လမ်းခဏပိတ်လိုက်သေးတယ်။ ခဏပိတ်ပြီး ပြန်ဖွင့်ပေးလိုက်တယ်”ဟု အထက်ပါ အမျိုးသားက ပြောသည်။
ဒီဇင်ဘာလ ၁ရက်နေ့တွင် ဘန်းလမွတ်ကျေးရွာ၊ပနပ်ငယ်ရွာတွင် စစ်အာဏာရှင်တပ်သားများ သေနတ်ဖြင့် ပစ်ခတ်၍ တောင်သူဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများ ထံမှသိရသည်။







