ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တိုက်ပွဲမရှိဘဲ စစ်အာဏာရှင်တပ်က လောင်းလုံးကို ညအချိန် လက်နက်ကြီးများဖြင့်ပစ်

December 10, 2025

တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်အာဏာရှင်တပ်က လောင်းလုံးမြို့ဘက်သို့ ညဘက်လူအများ အိပ်ချိန်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း၌ တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က ဒီဇင်ဘာလ ၉ ရက် နေ့ ည ၇ နာရီ ခန်နှင့် ၁၀ နာရီကျော် အချိန်ခန့်တို့တွင် မြစ်တစ်ဘက်ကမ်း၌ရှိသော လောင်းလုံးမြို့နယ်ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ထံမှသိရသည်။

“ပထမတစ်လုံးက အိမ်ပါတုံတယ်။ ဒုတိယတစ်လုံးကလက်နက်ကြီးဒလက် (ကျည်ဆန်) ခေါင်မိုးပေါ်က ဖြတ်သွားတာကို ကြားနေရတယ်။ အကုန်လုံးအိမ်အောက်ဆင်းပြေးပြီး နေကြရတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

စစ်အာဏာရှင်တပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ဆန်နှစ်လုံးအနက် တစ်လုံးမှာ လောင်းလုံးမြိုနှင့် ကပ်လျက်တွင်ရှိသော သဗျာကျေးရွာတံတားအနီး ကားလမ်းပေါ် ကျ ရောက်ပေါက်ကွဲခဲ့ပြီး နောက်တစ်လုံးမှာ သဗျာကျေးရွာအနောက်ဘက် တောစပ်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုနှင့် အိုးအိမ်ထိခိုက်ပျက်စီးမှုမရှိကြောင်း ဒေသခံများထံမှသိရသည်။

“လက်နက်ကြီးကျပြီး ညကိုးနာရီ ကျော်လောက်မှာလည်း လောင်းလုံး မြို့ထဲက စစ်သားတွေ သေနတ်နဲ့ ပစ် ထုတ် နေသေးတယ်” ဟုအထက်ပါအမျိုးသမီးကပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့(ယနေ့) ကျရောက်သည့် လူ့အခွင့်အရေးနေ့၌ လမ်းပေါ်မထွက်ဘဲ အိမ်ထဲတွင်နေခြင်းဖြင့် အသံတိတ်သပိတ် ဆင်နွှဲကြရန် တော်လှန်ရေးခေါင်းဆောင်များက ပြည်သူလူထုကို တိုက်တွန်းထားကြောင်း၊ ယင်းကြောင့် စစ်အာဏာရှင်တပ်က လက်နက်ကြီးများဖြင့် ခြိမ်းခြောက်ပစ်ခတ်ပြခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

ယနေ့မနက် ထားဝယ်ခရိုင်အတွင်းတွင် ဒေသခံများ ခရီးသွားလာမှုမှာ ပုံမှန်ထက် နည်းပါးနေသည်ကို တွေ့ရှိရသဖြင့် ပြည်သူလူထုမှာ အသံတိတ်သပိတ်တွင် ပါဝင်ကြသည်ကို တွေ့ရသည်။

သို့သော်စစ်ကော်မရှင်ကမူ ယနေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ကမ်းနားစျေးအနီး၌ ပြည်သူအားလုံးမဲပေးစို့ ဖြင့်အစချီထားသည့် ရွှေးကောက်ပွဲ ကြေညာဆိုင်းဘုတ်ကို အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ကြသည်။

စစ်အုပ်စုဝါဒဖြန့် လော်ဘီချန်နယ်ဖြစ်သည့် အမဲလိုက်မုဆိုးကြီး သတင်းမှန် တယ်လီဂရမ်ချန်နယ်တွင် လောင်းလုံးမြို့နယ် အနီးတွင် တော်လှန်ရေးတပ်ဖွဲ့များ ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှစ၍ နေရာယူထားပြီး ယနေ့အသံတိတ်သပိတ်ကိုကြောင်းပြု၍ လောင်းလုံးမြို့ တိုက်ခိုက်လာနိုင်ကြောင်း ဝါဒဖြန့်ရေသားထားသည်။