တနင်္သာရီမြို့နယ်မှ မောတောင်မြို့ သွားရာ ပြည်ထောင်စုလမ်းပိုင်းတွင် တော်လှန်ရေးတပ်နှင့် စစ်အာဏာရှင်တပ်သားများ တိုက်ပွဲပြင်းထန်နေပြီး ကုန်ကားများ ဖြတ်သန်းသွားလာ၍ မရသဖြင့် ကျေးရွာ ၁၀ရွာဝန်းကျင်တွင် စားနပ်ရိက္ခာများ ပြတ်လပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
တော်လှန်ရေးတပ်များ မောတောင်မြို့ကို သိမ်းပိုက်ပြီးနောက် စစ်အာဏာရှင်တပ်က ပြန်လည်သိမ်းပိုက်ရန် အဆိုပါလမ်းပိုင်းရှိ သဲဖြူရွာဝန်းကျင်ကို အင်အားဖြည့်တင်း၍ စစ်ကြောင်းထိုးလာသဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်မှ စတင်ကာ တိုက်ပွဲများ ပြင်းထန်နေသည်။
တိုက်ပွဲကြောင့် ကုန်ကားများဖြတ်၍ မရသဖြင့် ကျေးရွာ ၁၀ရွာဝန်းကျင်တွင် စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ကနဦးတွင် ဒေသအတွင်းရှိ ကုန်စုံဆိုင်များနှင့် ဆန်စက်များရှိ ဆန်များကို ဝယ်ယူ၍ စားသောက်၍ရသော်လည်း လက်ရှိတွင် တစ်လနီးပါးကြာမြင့်လာပြီဖြစ်သောကြောင့် စားနပ်ရိက္ခာများ ပြတ်လပ်မည့် အခြေအနေဖြစ်နေကြောင်း ၎င်းက ဆိုသည်။
“စပါးရိတ်ရာသီမို့ စပါးရိတ်လို့ ခင်လိုက်တဲ့ (ရိတ်သိမ်းပြီးသွားတဲ့) သူတွေဆီက ဝယ်လို့ရနေသေးတယ်။ အခုက လက်ထဲ ငွေရှိတောင် ဝယ်စားဖို့ (ကုန်စုံဆိုင်) ဆိုင်မရှိတဲ့ အခြေအနေရောက်တော့မယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။
သဲဖြူရွာ၊ အမှတ်၉ရွာ၊ အမှတ်၈ရွာနှင့် နီးစပ်သည့်ကျေးရွာ ၁၀ ရွာတွင် ရိက္ခာပြတ်လပ်နေပြီး မောတောင်မြို့နှင့် အမှတ် ၃ ရွာဝန်းကျင်တွင် ကုန်စုံဆိုင်အချို့ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။
တော်လှန်ရေးတပ်များ မောတောင်မြို့ကို မသိမ်းပိုက်မီကာလတွင် မြိတ်မှတစ်ဆင့် ကုန်များသယ်ယူနေကြပြီး သဘော့လိပ် ကျေးရွာမှလည်း ဝယ်ယူ၍ရကြောင်း ကုန်စုံဆိုင်ရှင်များက ဆိုသည်။
လက်ရှိတွင် ကုန်စုံဆိုင် အချို့တွင်သာ ကုန်အနည်းအကျဥ်းသာကျန်ရှိသဖြင့် ဒေသခံများ ရေရှည်တွင် ပို၍ ခက်ခဲကျပ်တည်းလာနိုင်ကြောင်း မောတောင်ဒေသခံတစ်ဦးက ပြောဆိုသည်။
“မြို့ထဲ ပြန်ဝင်ချိန် မဖောက်ခံရတဲ့ ကုန်စုံဆိုင် အချို့ရှိနေတော့ အဲဒီကုန်တွေ ရောင်းချနေတယ်။ အိမ်အဖောက်ခံရ သူတွေ ကျတော့လည်း ဝယ်စားဖို့ အဆင်မပြေကြဘူး။ ထိုင်းဘက်ကလည်း ကုန်သွယ်ခွင့်မပေးတော့ ကြာလာရင် ငတ်မယ့် အနေထားရှိတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
မောတောင်နှင့် နီးစပ်သည့် ကျေးရွာ ၁၀ရွာတွင် စစ်ဘေးရှောင် သုံးထောင်ကျော်ရှိကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။







