ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နယ်စပ်ပဋိပက္ခကြောင့် ထိုင်းဆီးဂိမ်းရောက် ကမ္ဘောဒီးယား ကစားသမားအားလုံး ယနေ့ပြန်မည်

December 10, 2025

နှစ်နိုင်ငံ နယ်စပ်ပဋိပက္ခများကြောင့် လုံခြုံရေးစိုးရိမ်ရသဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းပြိုင်ပွဲ) မှ ကမ္ဘောဒီးယား ကစားသမားနှင့် အဖွဲ့ဝင်များအားလုံး နုတ်ထွက်ကာ ယနေ့ပြန်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အိုလံပစ်ကော်မတီက ကြေညာလိုက်သည်။

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသော ၃၃ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအပြီး နောက်တစ်နေ့ဖြစ်သော ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကစားသမားများကို အားလုံး နုတ်ထွက်ပြီး ပြန်ခေါ်တော့မည်ဖြစ်ကြောင်း ကြေညာချက်ထွက်လာခြင်းဖြစ်သည်။

ကမ္ဘောဒီးယား ကစားသမားများ နုတ်ထွက်လိုက်သည်မှာ သေချာကြောင်း ဆီးဂိမ်းပြိုင်ပွဲ၏ အကြီးတန်းအရာရှိတစ်ဦးကလည်း အတည်ပြုထားသည်။

ကမ္ဘောဒီးယား ကစားသမားများ မနုတ်ထွက်ခင် ကစားသမား ၁၃၇ ဦးဖြင့် ပြိုင်ပွဲ ၁၂ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ရန် ထိုင်းနိုင်ငံသို့ စေလွှတ်ထားခြင်းဖြစ်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့က ကျင်းပသော ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲတွင် ကမ္ဘောဒီးယား ကစားသမား ၃၀ ဦး တက်ရောက်လာခဲ့သည်။

ဖွင့်ပွဲအပြီးတွင် နယ်စပ်ပဋိပက္ခများကြောင့် မိသားစုဝင်များက ကစားသမားများ၏ လုံခြုံရေးကို စိုးရိမ်နေ‌ပြီး ပြိုင်ပွဲအပြီးတွင် အိမ်မပြန်နိုင်ဖြစ်မည်ကို ကြောက်ရွံ့နေသည်ဟု ကမ္ဘောဒီးယားနိုင်ငံ အိုလံပစ်ကော်မတီဘက်က အကြောင်းကြားလာကြောင်း ဖော်ပြသည်။

ကမ္ဘောဒီးယားဘက်က တရားဝင် နုတ်ထွက်စာပေးပို့ အကြောင်းကြားထားပြီး ကိုယ်စားလှယ်အဖွဲ့က ယနေ့ ကမ္ဘောဒီးယားနိုင်ငံသို့ပြန်ရန် စီစဉ်ထားကြကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Bangkok Post, Khaosod English