ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဩစတြေးလျတွင် ဆယ်ကျော်သက်များ ဆိုရှယ်မီဒီယာအသုံးပြုခွင့် ယနေ့ စပိတ်

December 10, 2025

ဓာတ်ပုံ - Reuters

ဆယ်ကျော်သက်များအား ဆိုရှယ်မီဒီယာအသုံးပြုမှု ပိတ်ပင်သည့်ဥပဒေသည် ဩစတြေးလျနိုင်ငံ၌ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် စတင်အသက်ဝင်ပြီဖြစ်ပြီး ဆယ်ကျော်သက်များအား ဆိုရှယ်မီဒီယာအသုံးပြုခွင့်ကို ဥပဒေအရ တားမြစ်သည့် ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာသည်။

TikTok ၊ Youtube ၊ Instagram ၊ Facebook အပါအဝင် ဆိုရှယ်မီဒီယာပလက်ဖောင်းများကို အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ ဝင်ရောက်အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပြီ ဖြစ်သည်။

ဆိုရှယ်မီဒီယာကုမ္ပဏီများအနေဖြင့် ယင်းဥပဒေကို လိုက်နာခြင်း မရှိပါက ဩစတြေးလျဒေါ်လာ ၄၉ဒသမ၅ သန်း (အမေရိကန်ဒေါ်လာ ၃၃ သန်း) အထိ ဒဏ်ရိုက်ခံရမည်ဖြစ်သည်။

ယင်းဥပဒေအသစ်ကို နည်းပညာကုမ္ပဏီကြီးများနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားသူများက ဝေဖန်ကြသော်လည်း မိဘများနှင့် ကလေးသူငယ်ရေးရာ တက်ကြွလှုပ်ရှားသူများက ကြိုဆိုကြသည်။

ယနေ့သည် ဩစတြေးလျမိသားစုများအတွက် ‘ဂုဏ်ယူစရာ နေ့’ ဟု ဝန်ကြီးချုပ် Anthony Albanese က ပြောသည်။

အဆိုပါ ဥပဒေသည် အင်မတန် မြန်ဆန်သည့် အွန်လိုင်းမှ အန္တရာယ်များကို အစိုးရက ထိန်းချုပ်နိုင်ကြောင်း သက်သေဖြစ်သည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

“ဒီဥပဒေက ကြီးမားတဲ့ အပြောင်းအလဲတစ်ခုကို ဖန်တီးပေးပါလိမ့်မယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံ ကြုံတွေ့ခဲ့ရတဲ့ အကြီးမားဆုံး လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပြောင်းလဲမှုတွေထဲက တစ်ခုပါပဲ” ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။

“တစ်ကမ္ဘာလုံးကို ဆက်လက်ပဲ့တင်ထပ်သွားမှာပါ” ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဩစတြေးလျနိုင်ငံတွင် နွေရာသီကျောင်းပိတ်ရက် စတင်တော့မည်ဖြစ်၍ ကလေးများအနေဖြင့် ‘အားကစားသစ်တစ်ခု စတင်လေ့ကျင့်ရန်၊ တူရိယာအသစ်တစ်ခု သင်ယူရန်၊ စင်ပေါ်တွင် အချိန်ကြာနေသည့် စာအုပ်ကို ဖတ်ရန်’ ဝန်ကြီးချုပ်က တိုက်တွန်းပြောဆိုထားသည်။

ယင်းဥပဒေ အသက်ဝင်မလာမီ နာရီပိုင်းအလိုတွင် ဩစတြေးလျဆယ်ကျော်သက် တစ်သန်းခန့်က ဆိုရှယ်မီဒီယာပေါ်တွင် နှုတ်ဆက်စကားများ ရေးသားပြောဆိုခဲ့ကြသည်။

TikTok ပေါ်မှ ဆယ်ကျော်သက်တစ်ဦးက “လူမှုကွန်ရက် မသုံးရတော့ဘူး။ ကမ္ဘာ့အခြားသူတွေနဲ့လည်း အဆက်အသွယ် ပြတ်ရပြီ” ဟု ရေးသားခဲ့သည်။

နေ့စဉ်ဘဝတွင် အမြစ်တွယ်နေသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများကို ကလေးသူငယ်များ အသုံးပြုနေသည်ကို နိုင်ငံတစ်ခုခုက လက်တွေ့ကျကျ တားဆီးနိုင်ဖွယ် ရှိ မရှိဆိုသည့် တစ်နှစ်ကြာ အချေအတင် ငြင်းခုန်မှုများကို ဩစတြေးလျ၏ ဥပဒေက အဆုံးသတ်ပေးလိုက်သည်။

ယင်းမှာ ဆိုရှယ်မီဒီယာကုမ္ပဏီများက အန္တရာယ်လျှော့ချရေး လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ရန် နှေးကွေးနေခြင်းကြောင့် စိတ်ပျက်နေကြသော ကမ္ဘာတစ်ဝန်းရှိ အစိုးရများအတွက် လက်တွေ့စမ်းသပ်မှု တစ်ရပ်ကိုလည်း စတင်လိုက်ခြင်း ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

Source: Reuters