BREAKING
November 10, 2025

သရက်ချောင်းမြို့နယ်၊ ချောက်ချောင်းရွာက အရပ်သားနေအိမ်များကို စစ်အာဏာရှင်တပ်မီးရှို့

November 10, 2025

ပုံစာ - ချောက်ချောင်းရွာမှာ မီးရှို့ဖျက်ဆီးခံရသည့်နေအိမ်များ။

သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ချောက်ချောင်းရွာမှ အရပ်သားနေအိမ်များကို စစ်အာဏာရှင်တပ်စစ်ကြောင်းက နိုဝင်ဘာ ၉ ရက်(တနင်္ဂနွေနေ့) မွန်းလွဲပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြိတ်-ထားဝယ်ကားလမ်းပေါ်က ဝင်းဝတံတားစစ်ဆေးရေးဂိတ်ရှိရာကို အင်အားသုံးရာဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်က မနေ့က မွန်းလွဲပိုင်းတွင် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

“မနေ့ကမွန်းလွဲပိုင်းမှာ ချောက်ချောင်းရွာထဲကို ဒရုန်းနဲ့ ဗုံးသီးချတာ သုံးလုံးလေးလုံးလောက် ကြားရတယ်၊ အဲ့ဒါပြီးတော့ ပစ်ခတ်သံတချို့ကြားရတယ်၊ ပြီးမှအိမ်တွေမီးရှို့ခံရတာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

ချောက်ချောင်းရွာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၂ တပ်ခွဲ ၂ ၏ စစ်ဆေးရေးဂိတ်ရှိပြီး လဘရွာအနီးတွင် တော်လှန်ရေး တပ်ခွဲတစ်ခု၏ စစ်ဆေးရေးဂိတ်ရှိကြောင်း တော်လှန်ရေးတပ်များကို မနိုင်သဖြင့် စစ်အာဏာရှင်တပ်က ယင်းကျေးရွာနှစ်ရွာကို မီးရှို့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံတစ်ချို့က ခန့်မှန်းပြောဆိုသည်။

“မနေ့က ပစ်ခတ်မှုဖြစ်တာ ခဏလေးပဲ ၅ မိနစ် ၁၀ မိနစ်လောက်ပဲရှိမယ်၊ ပစ်ပြေးလားမသိဘူး။ ချောက်ချောင်းမှာရှိတဲ့ KNLA ဂိတ်ကနာမည်ကြီးတယ်။ အဲ့ဒါကြောင့်ပဲ ရွာကိုမီးရှို့တာလား မပြောတတ်ဘူး” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

အိမ်မီးရှို့သည့် စစ်ကြောင်းသည် ဒေသခံအချို့ကိုလည်း ၎င်းတို့နှင့်အတူ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဝင်းဝတံတားစစ်ဆေးရေးဂိတ်ကို ရောက်ရှိချိန်တွင် အားလုံးပြန်လွတ်ပေးလိုက်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်ကလည်း ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ လဘကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပြီးနောက် လဘရွာက နေအိမ် ၃၉ လုံးကို စစ်အာဏာရှင်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့သဖြင့် အိမ်မီးရှို့ခံရသည့် ဒေသခံများ နေထိုင်စားသောက်ရေး ယနေ့ထိ ခက်ခဲနေဆဲဖြစ်သည်။

ရွေးကောက်ပွဲနီးလာချိန် နယ်မြေစိုးမိုးရေးအတွက် တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေးအားကောင်းသည့် ဒေသများကို အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေသော စစ်အာဏာရှင်တပ်မှာ နေအိမ်မီးရှို့မှုများကို ဆက်တိုက်လုပ်ဆောင်နေသည်။

ယင်းအပြင် တော်လှန်ရေးတပ်များကို ဖိအားဖြစ်စေရန်အတွက် ဒေသခံများ၏ နေအိမ်များကို မီးရှို့မှု ဆက်တိုက်လုပ်ဆောင်နေပြီး တော်လှန်ရေးတပ်များ၏ ပစ်ခတ်တိုက်ခိုက်မှု ခံရပါက အနီးရှိကျေးရွာများကို မီးရှို့မည်ဟုလည်း စစ်အာဏာရှင်တပ်သားများက ခြိမ်းခြောက်ပြောဆိုမှုများ လုပ်ဆောင်နေသည်။

အောက်တိုဘာလအတွင်း စစ်အာဏာရှင်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ် ၁၅၀ ကျော်ခန့်အနည်းဆုံး မီးလောင်ပျက်စီးသွားကြောင်း ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တိုက်ပွဲများ၊ ပဋိပက္ခများနှင့် လူမှုစီးပွားအခြေအနေများကို စစ်တမ်းပြုစုထုတ်ဝေနေသော Fe5 တနင်္သာရီအဖွဲ့၏ အောက်တိုဘာလ အစီရင်ခံစာတွင် ဖော်ပြထားသည်။