မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းပေါ်ရှိ စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုပိုမိုတင်းကျပ်လာသဖြင့် ဒေသခံကုန်ကားများ ကုန်စည်တင်ဆောင်ရာတွင် အခက်တွေ့နေကြောင်း ဘုတ်ပြင်းမြို့နယ်နေ ကားသမားအချို့ထံမှ သိရသည်။
အဆိုပါလမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်များတွင် စောင့်နေသည့် စစ်အာဏာရှင်တပ်သားများက ဒေသခံကုန်ကားများ ကုန်ပစ္စည်းတင်ဆောင်လာပါက ဖွင့်ဖောက်စစ်ဆေးခြင်းနှင့် သိမ်းယူခြင်းများ ပိုမိုလုပ်ဆောင်လာပြီး ငွေကြေးတောင်းခံမှုလည်း ပိုများလာကြောင်း ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာအုပ်စုနေ ယာဉ်မောင်းတစ်ဦးက ဆိုသည်။
“ဆန်အိတ်တွေဆို တင်ဆောင်ရတာ တအားပင်ပန်းတယ်။ ဘုတ်ပြင်းဘက်က ကုန်ပစ္စည်းတွေက ကျွန်တော်တို့ပဲ အဓိက ကားနဲ့သယ်ရတယ်လေ။ စားသောက်ကုန်တွေဆို ခဏခဏ သိမ်းထားခဲ့တာမျိုး(သိမ်းတာမျိုး)လုပ်တယ်။ ပစ္စည်းမှာသမားတွေမှာလည်း အခက်တွေ့သလို ကျွန်တော်တို့လည်း ခဏခဏအဲလိုဖြစ်တော့ ကြားထဲက စိတ်ညစ်ရတယ်”ဟု ၎င်းက ပြောသည်။
မြိတ်-ဘုတ်ပြင်း လမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်အရေအတွက် နှစ်ဆယ်ဝန်းကျင်ရှိနေရာမှ ယခုနှစ်အတွင်း ပျမ်းမျှအားဖြင့် ၅ ဂိတ်နီးပါးတိုးလာသလို ဂိတ်တစ်ခုလျှင် ငွေကျပ်သောင်းဂဏန်းအထိ ကောက်ခံနေကြကြောင်း အဆိုလမ်းပိုင်းတွင် ၁၀ နှစ်ကျော်အကြာ ကားမောင်းနေသည့် ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့နေ ကားသမားတစ်ဦးက ဆိုသည်။
အဆိုပါစစ်ဆေးရေးဂိတ်များသည် ကုန်တင်ကားများနှင့် ခရီးသည်တင်ကားများထံမှ ဆက်ကြေးများတိုးကောက်ခံကာ ဆန်နှင့်စားသောက်ကုန်များ တင်ဆောင်လာပါက သတ်မှတ်ပမာဏထက် ဆက်ကြေးပိုပေးရကြောင်း ဘုတ်ပြင်းမြို့နယ်၊ ဘန်ဂလားကျေးရွာအုပ်စုနေ ကုန်ကားမောင်းသမားတစ်ဦးက ပြောသည်။
“အဲဒီလမ်းပိုင်းမှာ ရှိတဲ့ စစ်ဆေးရေးဂိတ်တွေက တစ်ခုနဲ့တစ်ခုတော်တော်နီးတယ်။ ဆက်ကြေးတွေဆိုလည်း အရင်ကလို ထောင်ဂဏန်းပေးလို့မရဘူး။ ကုန်ကားတွေဆို အနိမ့်ဆုံး (ကျပ်)တစ်သောင်းပဲ”ဟု ၎င်းက ဆိုသည်။
ယင်းလမ်းပိုင်းတွင် တော်လှန်ရေးတပ်များ၏ စစ်ဆေးရေးဂိတ်များလည်းရှိရာ အလှူခံသည့်သဘောဖြင့် ငွေကြေးထည့်ဝင်ခိုင်းသည့် ဂိတ်များရှိသလို ကျပ်ထောင်ဂဏန်းကောက်ခံသည့် ဂိတ်လည်းရှိကြောင်း ယာဉ်မောင်းအချို့က ပြောသည်။
ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာများတွင် ရောင်းချရန်အတွက် စားသောက်ကုန်အပါအဝင် အခြားကုန်စည်များကို ကျေးရွာများရှိ ဒေသခံကားများဖြင့် မြိတ်မြို့မှတစ်ဆင့် သယ်ယူပို့ဆောင်ကြသည်။
မြိတ်-ဘုတ်ပြင်း လမ်းပိုင်းတွင် စစ်အာဏာရှင်တပ်နဲ့တော်လှန်ရေးတပ်တို့ စစ်ရေးတင်းမာနေပြီး အဆိုပါ လမ်းပိုင်းဖြတ်သန်းသွားလာခွင့်ကိုလည်း အောက်တိုဘာလ ၂၈ ရက်နေ့ကစပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် ၊တနင်္သာရီတိုင်းစစ်ဌာန အမှတ်(၃၅)နည်းဗျူဟာအဖွဲ့ က ကန့်သတ်ထားသည်။







