BREAKING
November 10, 2025

လာတွေ့ရန်ခေါ်သည်ကို ဆိုင်ရှင်ကမလာ၍ စစ်အာဏာရှင်တပ်က လက်ဖက်ရည်ဆိုင်ကို ဒရုန်းဖြင့်ဗုံးချ

November 10, 2025

တနင်္သာရီမြို့နယ်၊ မော်တုန်းရွာရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် လင်မယားနှစ်ယောက်ကို စစ်အာဏာရှင်တပ်က လာရောက်တွေ့ဆုံရန် လူလွှတ်ခေါ်သော်လည်း မသွားသဖြင့်ဟုဆိုကာ လက်ဖက်ရည်ဆိုင်ကို ဒရုန်းဖြင့် ဗုံးသီးချခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

အရှေ့မော်တုန်း‌ရွာရှိ လက်ဖက်ရည်ဆိုင် ပိုင်ရှင်လင်မယားနှစ်ယောက်ကို မော်တုန်းကျေးရွာ အခြေစိုက် အမှတ် ၃၀၆ အမြောက်တပ်ရင်းသို့ လာရောက်တွေ့ဆုံရန် နိုဝင်ဘာလ ၇ ရက်နေ့က ရွာသားများအား နှစ်ကြိမ်လွှတ်၍ ခေါ်ခိုင်းကြောင်း မိသားစုနှင့် နီးစပ်သူက ဆိုသည်။

ထိုသို့လာခေါ်သော်လည်း အသက် ၅၅ ဝန်းကျင် ဆိုင်ရှင်လင်မယားက မသွားသဖြင့် နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် လက်ဖက်ရည်ဆိုင်ကို ဒရုန်းဖြင့်ဗုံးသီးနှစ်လုံးချခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

“တပ်ရှေ့ကနေ ဖြတ်သွားတဲ့ ရွာသားတွေကို ဆိုင်ကိုလွှတ်ပြီး တပ်ရင်းကို ခဏလာဦးဆိုပြီး နှစ်ကြိမ်လာ ခေါ်ခိုင်းလိုက်တယ်။ လင်မယားက မသွားတော့ နောက်ရက်မှာ နေအိမ်ကို ဗုံးလာချတယ်။ တပ်က ခေါ်လို့ မသွားလို့ ဗုံးချခံရတာ ရွာမှာ ပထမဆုံးအကြိမ်ပဲ”ဟု အထက်ပါ နီးစပ်သူက ဆိုသည်။

ဆိုင်ကို စစ်အာဏာရှင်တပ်က ဗုံးလာမချမီ လင်မယားနှစ်ယောက်မှာ တိမ်းရှောင်သွားသဖြင့် ထိခိုက်မှုမရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

တပ်ထဲမှနေ၍ ဒရုန်းတက်လာသည်ကို ဒေသခံများက မြင်ရပြီး လက်ဖက်ရည်ဆိုင်ကို ၆၀ မမ ဗုံးနှစ်လုံးလာချရာ ဆိုင်အနောက်ဘက်တွင်ကျ၍ ဆိုင်အနောက်ရှိ ကြက်ခြံပျက်စီးသွားကြောင်း ၄င်းက ဆိုသည်။

“ဆိုင်အနောက်ကိုကျတော့ ဆိုင်က ပျက်စီးမှု သိပ်မရှိဘူး။ ကြက်ခြံ ထိသွားတယ်။ သူတို့လင်မယားကတော့ အခုထိ နေအိမ်မှာ မနေတော့ဘူး”ဟု အထက်ပါ ဒေသခံက ဆိုသည်။

အရှေ့မော်တုန်း‌ရွာနှင့် စစ်အာဏာရှင်အမှတ် ၃၀၆ တပ်သည် တစ်မိုင်ခန့် ကွာဝေးကြောင်း ဒေသခံများက ဆိုသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း အမှတ်၃၀၆ အမြောက်တပ်ရင်းမှ အနောက်မော်တုန်းရွာကို ဒရုန်းဖြင့် ဗုံးချခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းတို့ကြောင့် အသက် ၄၇ နှစ်အရွယ်အမျိုးသားတစ်ဦး ပေါင်တွင် ဒဏ်ရာရသွားကြောင်း သိရသည်။