BREAKING
November 10, 2025

လောင်းလုံး ညင်းမော်ရွာဘက် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများထွက်ပြေး

November 10, 2025

စစ်အာဏာရှင်တပ်က လောင်းလုံးမြို့နှင့် ကပ်လျက်တည်ရှိသည့် ညင်းမော်ကျေးရွာဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်း ဒေသခံအချို့က ပြောသည်။

စစ်အာဏာရှင်တပ်သည် ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက်ပိုင်းမှစပြီး လောင်းလုံးမြို့ပေါ်မှတစ်ဆင့် ညင်းမော် ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့ပြီး နေ့လယ်ပိုင်းတွင် ညင်းမော်ကျေးရွာထဲ ရောက်ရှိလာကြောင်း ၎င်းတို့က ဆိုသည်။

“ရွာသားတွေကတော့ မနက်ကတည်းက ကြိုပြီးရှောင်နေကြတယ်။ (ညင်းမော်ရွာ) ရွာထဲကို စစ်ကြောင်းရောက်နေပြီလို့ သတင်းရတာကတော့ (မွန်းလွဲ) ၁ နာရီလောက်မှာပါ” ဟု စစ်ဘေးရှောင်နေရသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်အာဏာရှင်တပ်က ထိုကဲ့သို့ စစ်ကြောင်းထိုးလာသဖြင့် ညင်းမော်၊ စစ်ပြဲ ကျေးရွာတို့မှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

မွန်းလွဲ ၂ နာရီခန့်တွင်မူ ညင်းမော်ရွာထဲက လက်နက်ကြီးပစ်ခတ်သံ နှစ်ချက်ကြားရကြောင်းလည်း ဒေသခံတို့က ဆိုသည်။

ညင်းမော်ရွာထဲက ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် စစ်ပြဲကျေးရွာဒေသခံများ အရေးပေါ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း စစ်ပြဲကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အခု ကျွန်မတို့လည်း ဆိုင်ကယ်ပေါ်မှာ။ ရွာကနေ ထွက်ပြေးနေတယ်။ ပစ်ခတ်သံတွေလည်း ကြားနေရတယ်” ဟု ၎င်းက ယနေ့ မွန်းလွဲ ၂နာရီဝန်းကျင်တွင် ပြောဆိုသည်။

နိုဝင်ဘာလ ၈ ရက်က လောင်းလုံးမြို့ပေါ်ရှိ ကြံ့ခိုင်ရေးပါတီရုံး ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းပြီး လောင်းလုံးမြို့အနီးဝန်းကျင်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

အဆိုပါ ရုံးဖောက်ခွဲခံရသည့်‌နေ့ ညနေပိုင်းတွင် စစ်အာဏာရှင်တပ်က အနည်းဆုံး အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း လောင်းလုံးမြို့ခံအချို့က ပြောဆိုသည်။

ယင်းနောက် နှစ်ရက်အကြာ ယနေ့ နံနက်တွင် ညင်းမော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး စစ်ကြောင်းဝင်လာသဖြင့် အလှူအတန်းပြုလုပ်ရန် စီစဉ်ထားသူများလည်း စိုးရိမ်နေရကြောင်း ဒေသခံအချို့က ဆိုသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် လောင်းလုံးမြို့ ကြံ့ခိုင်ရေးပါတီရုံးအား ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သံမဏိလိပ်ပြာအဖွဲ့က ထုတ်ပြန်ထားသည်။

ကြံ့ခိုင်ရေးရုံး‌ဖောက်ခွဲခံရမှု မတိုင်မီ နိုဝင်ဘာလ ၅ ရက် ည (လောင်းလုံးမြို့ ဘုရားလှည့်ပွဲည) တွင် အာဏာရှင်တပ်သား လေးဦး ဒေသတော်လှန်ရေးတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံခဲ့သေးကြောင်းလည်း သံမဏိလိပ်ပြာအဖွဲ့က ထုတ်ပြန်ထားသည်။