စစ်အုပ်စု၏ ရွေးကောက်ပွဲနီးလာချိန်တွင် တနင်္သာရီမြို့နယ်အတွင်း ဆန်သယ်ယူခွင့် ပိုမိုခွင့်ပြုလာသဖြင့် ဆန်ဈေး ပြန်ကျလာကြောင်း ဒေသခံများထံမှ သိရသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို ဆန်သယ်ယူခွင့် တင်းတင်းကျပ်ကျပ် ကန့်သတ်ထားရာမှ နိုဝင်ဘာလဆန်းမှစတင်ကာ စျေးဝယ်ယူခွင့် စာအုပ်လုပ်ရလွယ်ကူလာပြီး အိမ်ထောာင်စုတစ်ခု တစ်ပတ်လျှင် ဆန်တစ်အိတ် ဝယ်ယူသယ်ဆောင်ခွင့်ရလာကြောင်း ကျေးလက်နေဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်လများတွင် စစ်အာဏာရှင်တပ်က ကျေးရွာများသို့သယ်မည့် ဆန်များကို အိမ်ထောင်စုတစ်စုအတွက် ၁၅ ရက်လျှင် ဆန်တစ်အိတ်သာ သယ်ယူခွင့် ပြုထားသည်။
ထို့အပြင် ကုန်စုံဆိုင် ဈေးဝယ်ခွင့်လက်မှတ်ကိုင်ထားသူများလည်း ဆန်အိတ်အရေအတွက် ပိုတိုးပြီးသယ်ခွင့်ရနေကြောင်း ဒေသခံအချို့က ပြောဆိုသည်။
တနင်္သာရီမြို့နယ်အတွင်း တော်လှန်ရေးအားကောင်းသည့် ကျေးရွာနေပြည်သူများ ဆန်အပါအဝင် စားနပ်ရိက္ခာများကို တနင်္သာရီမြို့ပေါ်တွင် သွားရောက်ဝယ်ယူလိုပါက စစ်အာဏာရှင်တပ်တွင် ဈေးဝယ်ခွင့်လက်မှတ် လုပ်ဆောင်ရသည်။
ထိုဈေးဝယ်ခွင့်လက်မှတ်က လုပ်ဆောင်ရခက်ခဲသလို ဆန်နှင့် အခြားပစ္စည်းများသယ်ဆောင်ပါက တင်းတင်း ကျပ်ကျပ် စစ်ဆေးလေ့ရှိသဖြင့် ဆန်ရှားပါးကာ ဈေးကြီးပေးဝယ်ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ဆန်က အရင်လတွေက အခြားရွာတွေကို သယ်ယူခွင့် တင်းကျပ်ထားတယ်။ အခုက ရွေးကောက်ပွဲနီးတော့ စာအုပ် လုပ်ရလည်း လွယ်လာတယ်။ စာအုပ်ရှိတဲ့သူ ဝယ်လို့ရနေတယ်။ သယ်ယူတာလည်း ခွင့်ပြုထားတော့ ဆန်စျေးက ကျလာတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလက OK အနီ အမှတ်တံဆိပ် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ၈၇၀၀၀ ကျပ်ရှိရာက နိုဝင်ဘာလတွင် ၆၅၀၀၀ကျပ်၊ ပွင့်ကောင်းအမှတ်တံဆိပ် တစ်အိတ်လျှင် ၈၆၀၀၀ကျပ်မှ ၅၆၀၀၀ ကျပ် သို့ ဈေးကျသွားကြောင်း ဒေသခံများထံမှ သိရသည်။
စျေးဝယ်ခွင့်လက်မှတ် (စာအုပ်) ကို မြို့နယ် စရဖရုံးတွင် သွားရောက်လုပ်ဆောင်ရပြီး အိမ်ထောင်စု မိတ္တူ ပေးရကြောင်းဒေသခံ အခြားတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် စျေးဝယ်ခွင့်လက်မှတ် လုပ်ရလွယ်ကူလာသလို သယ်ဆောင်ချိန်တွင်လည်း စစ်ဆေးမှုနည်းလာကြောင်း ၎င်းက ဆိုသည်။
“စျေးက အရင်က ဝယ်လို့ရပြီး သယ်မရဘူး။ လူတိုင်းလည်းသွားလို့ မရတဲ့ အနေအထားဖြစ်နေတယ်လေ။ အခုက ဝယ်လည်းရတယ်၊ သယ်လို့လည်း ရတယ်။ ပြီးတော့ သူတို့(စကစ)က မဲအတွက် အိမ်ထောင်စု အသည်းအသန်လိုနေတော့ အစစ်အဆေး မတင်းကျပ်တော့ဘူး”ဟု ၎င်းက ပြောသည်။
ယခုနှစ် မတ်လမှစကာ စစ်အာဏာရှင်တပ်က တော်လှန်ရေးထိန်းချုပ်နယ်မြေရှိ ကျေးရွာများကို မြိတ်မှ ကုန်စည်သယ်ယူခွင့် ပိတ်လိုက်သဖြင့် တနင်္သာရီမြို့မှ ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။
တနင်္သာရီမြို့မှ ညောင်ပင်ကွင်းကျေးရွာအုပ်စုရှိ ကျေးရွာများကို ရေလမ်းကသွားပါက ဗောဓိကမ်းတံတား ရေကြောင်း စစ်ဆေးရေး ဂိတ်ကိုဖြတ်ရပြီး ဘန်လောကျေးရွာအုပ်စုရှိ ကျေးရွာများကိုသွားပါက မမသောင်ရွာ ရေကြောင်း စစ်ဆေးရေးဂိတ်ကိုဖြတ်ရသည်။
ထို့အပြင် ကုန်းလမ်းတွင်လည်း စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်များရှိပြီး အဆိုပါဂိတ်များတွင်လည်း စစ်ဆေးမှုနည်းပါးလာကြောင်း ဒေသခံများထံမှ သိရသည်။







