ကျွန်းစုမြို့နယ်ရှိ ပင်လယ်ကျေးရွာများဖြစ်သည့် ကော်ဇယာအုပ်စုနှင့် မဲတောအုပ်စုရှိ ကျေးရွာများတွင် ဇီဝဇိုးငှက်မွေးမြူရေးအိမ် ပိုမိုဆောက်လုပ်လာကြကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၀ ပြည့်နှစ်မတိုင်မီက ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ရွာများတွင် တစ်ရွာလျှင် ပျမ်းမျှအားဖြင့် ဇီဝဇိုးငှက် မွေးမြူသည့်အိမ် တစ်အိမ် နှစ်အိမ်ခန့်သာရှိရာက လက်ရှိတွင် အိမ်ဆယ်နှင့်ချီ ရှိလာကြောင်း ဒေသခံအချို့က ပြောသည်။
ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြရာ မိုးရာသီတွင် လှိုင်းလေကြီးပြီး ပယ်လယ်ထွက်ရခက်ပြီး အလုပ်အကိုင် ရှားပါးခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ကျွန်းစုမြို့နယ် ကော်ဇယာကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ရွာမှာဆို ကျွန်တော်ငှက်အိမ်က ရွာမှာပထမဆုံးပဲ။ ပင်လယ်ဘက်ဆိုတော့ မိုးရာသီဆို အလုပ်ရှားတယ်လေ” ဟု ၎င်းက ပြောဆိုသည်။
ယခင်က ဇီဝဇိုးငှက်မွေးမြူသည့် အိမ်များကို မြိတ်မြို့နယ်တွင်သာ အများဆုံးတွေ့ရပြီး လက်ရှိတွင် ဘုတ်ပြင်းမြို့နယ်နှင့် ကျွန်းစုမြို့နယ်ရှိ ပင်လယ်ကျေးရွာများတွင်ပါ စီးပွားဖြစ်ဆောက်လုပ်လာကြကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ဇီဝဇိုးငှက်အိမ်များကို သစ်သားဖြင့် ဆောက်လုပ်ကြသလို ဘိလပ်မြေဖြင့် တိုက်ဆောက်ပြီး စီးပွားဖြစ်မွေးမြူလေ့ ရှိသည်။
ငှက်မွေးသည့်အိမ်၏ အရွယ်အစား၊ အသုံးပြုသည့် သစ်အမျိုးအစားအပေါ်မူတည်ပြီး ကျပ်သိန်းရာချီမှ ကျပ်သိန်းထောင်ချီအထိ ကုန်ကျလေ့ရှိကြောင်း ငှက်မွေးမြူသူများထံမှ သိရသည်။
“ပင်လယ် ဖြစ်တော့ တခြားဒေသတွေနဲ့စာရင် ငှက်သိုက်တအား မရဘူးပေါ့နော်။ ဒါပေမဲ့ အဆင်ပြေတယ်လိုတော့ ပြောလို့ ရပါတယ်။ လက်ရှိတစ်လကို ၅ကျပ်သား ၆ကျပ်သားလောက်တော့ရတယ်” ဟု ကျွန်းစုမြို့နယ် မဲတောကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။
ငှက်သိုက်အိမ်များတွင် ဇီဝဇိုးငှက်များအတွက် သင့်တော်သည့် အပူချိန်၊ စိုထိုင်းဆ၊ အစားအစာနှင့် ရေများကို ဖြည့်ဆည်း ပေးထားရပြီး ငှက်အော်သံအတုကိုလည်း စပီကာများဖြင့် ထုတ်လွှတ်ထားလေ့ရှိသည်။
၂၀၁၉ ခုနှစ် သစ်တောဦးစီးဌာန၏ စာရင်းအရ တနင်္သာရီတိုင်းအတွင်း ဇီဝဇိုးငှက်မွေးမြူသည့် အိမ်လေးရာနီးပါးရှိသည်။
တနင်္သာရီတိုင်းအတွင်း ငှက်သိုက်ကို စီးပွားဖြစ်မွေးမြူကြသလို ပင်လယ်အတွင်းရှိ ကျွန်းများတွင် သဘာဝအလျောက် နေထိုင်သည့် ငှက်သိုက်လည်း ထွက်ရှိသည်။







